အာရက္ခတိုင်းမ်စ်(၂၃ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ ဆေးပဒေသာပင်အတွက် သူပုန်ဖြူရောင်းရင်းညီအကိုများက သိန်းတထောင်ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်၊ ည ၉ နာရီ ၁၃ မိနစ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့ကြသော အပြစ်မဲ့ပြည်သူများနဲ့ ပြည်သူ့ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများရဲ့ သာရေးနာရေးကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပျက်စီးဆုံးရှုံးသွားတဲ့ မြောက်ဦးဆေးရုံ ပြန်လည်ပြုပြင်ရန်နဲ့ အရေးတကြီး လိုအပ်နေတဲ့ ဆေးရုံသုံးပစ္စည်းများ ပြန်လည်ဝယ်ယူရန်အတွက်လည်း ရည်ရွယ်ပြီး သိန်းတထောင့်နှစ်ရာငါးဆယ့်ငါးသိန်းကျပ်တိတိကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနထံ လှူဒါန်းခဲ့တာလို့ သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ ဆေးပဒေသာပင်တွင် ဆေးပဒေသာငွေ စိုက်ထူနိုင်ရန်အတွက် အခုလို လှူဒါန်းမှုနဲ့ပတ်သက်ပြီး ညီရင်းအစ်ကို၊ မိသားစု၊ မိတ်ဆွေစိတ်ဓာတ် အပြည့်နဲ့ ပံ့ပိုးကူညီပေးတဲ့ “သူပုန်ဖြူရောင်းရင်းညီအစ်ကိုများ” ကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

6,151 comments