အာရက္ခတိုင်းမ်စ် (၂ ဖေဖော်ဝါရီ ၂၀၂၆)
၂၀၂၆ ခုနှစ် ဇန်နဝါရီလ တလအတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရက္ခိုင်တွင် ပြည်သူ ၃၀ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ သေဆုံးသွားတဲ့သူတွေကတော့ လသားအရွယ် ကလေးငယ် အပါအဝင် ၃၀ ရှိပါပြီ။ စစ်သုံ့ပန်းမိသားစုဝင် ၂၁ ဦး အပါအဝင်ပေါ့လေ” လို့ စစ်ကော်မရှင်ရဲ့ လက်နက်နဲ့တိုက်ခိုက်မှုကို မှတ်တမ်းယူနေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဇန်နဝါရီလ ၁၄ ရက် ည ၁၀ နာရီကျော်တွင် စစ်ကော်မရှင်ရဲ့ နေဗီကနေ ကျောက်ဖြူမြို့နယ် သဖန်းချောင်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။
ထို့နောက် ဇန်နဝါရီလ ၁၈ ရက်ကလည်း စစ်ကော်မရှင်က ဂျက်ဖိုက်တာ တစီးနဲ့ ကျောက်ဖြူမြို့နယ် ကျောက်ကလေရွာကို ဗုံး ၂ လုံး ကြဲချခဲ့လို့ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အလားတူ ဇန်နဝါရီလ ၂၀ ရက်မှာတော့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံရွာအနောက်ဖက်ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းမိသားစု ၂၁ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၂၂ ရက်မှာတော့ စစ်ကော်မရှင်ရဲ့ အသေခံဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် ကျောက်ဖြူမြို့နယ် ဇင်းချောင်းကုန်းဘွေရွာနေ ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဇန်နဝါရီလ၂၄ ရက်တွင်လည်း စစ်ကော်မရှင်က ကျောက်ဖြူမြို့နယ် မူရွင်းရွာကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လသား၆ရွယ် ကလေးငယ်တဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အလားတူ ဇန်နဝါရီလ ၃၀ ရက်ကလည်း ကျောက်ဖြူမြို့နယ် ဇင်ချောင်းရွာကို စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစခတ်လို့ ဒေသခံပြည်သူတဦး သေဆုံးခဲ့ပါတယ်။
