ArticelsLife StylePolitic

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၂၈)

***

ဌေးဝင်း

***

ဆရာကြီးဆုံးပြီး နောက်တရက်မှာ ကြောင်ဒေါင်း (ခ) ကျော်သောင်းဆိုတဲ့ လူမိုက်တယောက်က

“ဘာဖြစ်လဲ ဒီဆရာကြီး။ ဒီဆရာကြီး သေသွားလို့ ဘာဖြစ်လဲ။ ငါတို့အတွက် ဒီဆရာကြီးက ဘာကောင်းကျိုး ရှိလို့လဲ။ အဲဒီဆရာကြီး ထောင်ထဲဝင်လာတုန်းကလည်း ငါတို့အတွက် ဘာအကျိုးမှမရှိ။ ခုသေတော့လည်း ပိုတောင်အကျိုးမရှိ။ ထောင်ဝင်စာတွေ ပိတ်ဦးမယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ပြောတယ်”

လို့ ဦးသန်းရွှေက ငါ့ကို လာပြောတာ။ ဦးသန်းရွှေဆိုတာက မင်းပြားက။ နှစ်လောင်းပြိုင် သတ်ခဲ့တဲ့သူ။ လူမိုက်။ ဒါကိုကြားတော့ ငါလည်း အရမ်းပေါက်ကွဲသွားတယ်။ ငါမခံနိုင်ဘူး။

“ကြောင်ဒေါင်း ဒီလို အားမနာစကား ပြောသလား။ လာ သွားကြမယ်။ ဒီကောင်နဲ့ စာရင်းသွားရှင်းကြမယ်”

လို့ ဆိုပြီး ငါသွားတော့ ငါနဲ့အတူ ဦးသန်းရွှေရယ်။ ကသည်းရွာက ရှေ့နေကို သတ်ခဲ့တဲ့ မောင်းသန်းမြင့်ပါ လိုက်ပါလာခဲ့တယ်။ ကြောင်ဒေါင်းကို တွေ့တွေ့ချင်း ငါက ဒေါသတကြီးနဲ့

“အကို ဆရာကြီးကို ဒီလို ပြောတယ်လို့ ဆိုတာ ဟုတ်လား”

အဲဒီခါကျတော့ ကြောင်ဒေါင်းက

“ဟေ့ ညီလေးရေ ငါ ဘာလို့ အဲသလို ပြောရမှာလဲ။ ငါ ဒီလို ဘာကြောင့် ပြောရမှာလဲ။ သူ့လို လူကြီးတယောက်ကို။ မဟုတ်ဘဲနဲ့ ကြားမှာ မနာလိုတဲ့သူတွေက ရန်တိုက်တာဘဲ ဖြစ်မှာပါ။ ငါ မပြောပါဘူးကွာ”

လို့ သူက ငြင်းတယ်။ ငါကလည်း

“အိုကေ အကို မပြောဘူးဆိုရင်တော့ ကိစ္စမရှိဘူး။ ပြောတယ်ဆိုရင်တော့ ငါ လက်မခံ”

ဆိုပြီး ငါတို့ ပြန်လစ်လာခဲ့ကြတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ သိပ် မကြေနပ်ချင်။

နေ့လည် ၁၂ နာရီလောက်မှာ ထောင်ပိုင်က ငါ့ကို ခေါ်တယ်။ မိန်းဂျေးထဲမှာ ထောင်ပိုင်နဲ့ တွေ့တယ်။ ထောင်ပိုင်နာမည် ညီစိန်။ အရပ်ပုပုနဲ့။ ငါ့ကိုတွေ့တွေ့ချင်း စားတော့ ဝါးတော့မဲ့အတိုင်း ခက်ထန်တဲ့ လေသံနဲ့

“မင်း နောက်မှုကပ်ပြီး ထောင်ကျသွားချင်လား”

လို့ ဟိန်းဟောက်ပြီး ဆက်မေးတာက

“မင်းနာမည် ဘာလဲ။ ဘာမှုနဲ့ ကျလဲ”

“ကျော်ဟန်။ နိုင်ငံရေးမှု ပုဒ်မ ၁၇/၁။ ၁၇/ ၂”

“နိုင်ငံရေးမှု ဘာမှု ငါနားမလည်ဘူး။ မင်း အပြင်မှာ နိုင်ငံရေးလုပ်လုပ် ဘာလုပ်လုပ်။ ထောင်ထဲမှာတော့ ဘာမှ လုပ်လို့မရ။ မင်း ညက ဘာလုပ်တာလဲ။ ဒီလောက်ထိ တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ထားလို့ တိန်းလို့ တိတ်ဆိတ်တဲ့အချိန် ဘုရားဝတ်တက်ပြီးတာနဲ့ ဒီလိုအော်တာ ဘာရည်ရွယ်ချက်လဲ။ မင်း အပြင်မှာ နိုင်ငံရေး လုပ်ချင်လုပ်။ ထောင်ထဲမှာ နိုင်ငံရေးလုပ်ဖို့ မစဉ်းစားနဲ့။ ဒီမှာ လာမလုပ်နဲ့”

တဲ။ ငါက

“ ကျနော် ဘာလုပ်လို့လဲ”

“မနေ့ညက ဘုရားရှိခိုးတုန်းက မင်း ဘာလုပ်လဲ”

“ဘုရားဝတ်တက်တာ နေ့စဉ် လုပ်နေကြဘဲ”

လို့ ငါက ပြန်ဖြေတယ်။

“မင်းက တိုင်မင် (Timing) ပေးပြီး အားလုံးကို သံပြိုင် ဆိုခိုင်းတယ် မဟုတ်လား”

“မှန်ပါတယ်။ ဆရာကြီးဟာ ကျနော်တို့ ရက္ခိုင်လူမျိုးတွေရဲ့ ကျေးဇူးရှင်ဖြစ်တဲ့အတွက် ဆရာကြီးရဲ့ နောက်ဆုံးခရီးမှာ ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိစေလိုတဲ့ စေတနာနဲ့ ဆုတောင်းတာ။ အမျှဝေတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ လုပ်ရိုးလုပ်စဉ်သာ ဖြစ်တယ်”

လို့ ပြန်ဖြေတော့ ထောင်ပိုင်ဟာ လေသံပြောင်းသွားတယ်။

“မင်း ဘုရားကို မြင်ဘူးလား”

“မမြင်ဖူး”

“ငါလည်း ဗုဒ္ဓဘာသာပါ။ ငါလည်း ဘုရားကို မမြင်ဖူးလိုက်။ ဒါပေမဲ့ စိတ်ကမှန်းပြီး ဆုတောင်းတယ်။ ရှိခိုးတယ်။ ဆွမ်း ရေချမ်း ကပ်တယ်။ အဲလိုဘဲ မင်းဆရာကြီးကို မင်း စိတ်က ရည်မှန်းပြီး လုပ်လို့ မရဘူးလား။ ဒီလို အော်စရာမှ မလိုဘဲ”

“ဒီထောင်ထဲမှာ ရှိနေကြတာက အားလုံးနီးပါး ရက္ခိုင်တွေချည်းဘဲ။ အားလုံးနီးပါးကလည်း ဗုဒ္ဓဘာသာတွေချည်းဘဲ။ ဒါကြောင့် အားလုံးတပြိုင်နက် အတူတူ မေတ္တာပို့ ဆုတောင်းလို့ရအောင် ကျနော် စီစဉ်တာ။ ဒါ နိုင်ငံရေးမဟုတ်ဘူး။ ဘာသာရေးအလုပ်ကို လုပ်တာပါ။ ဆရာကြီးအတွက် ကုသိုလ်ကောင်းမှု ပြုလုပ်ပေးတာ”

အဲသလို ငါ ရှင်းပြတော့ ထောင်ပိုင်မျက်နှာ နည်းနည်းပျော့လာတယ်။ လေသံ စောစောကလောက် မတင်းမာတော့ဘူး။

“မင်း ဘယ်နှစ်ရက်လုပ်ဖို့ အစီအစဉ်ရှိလဲ”

“ခုနစ်ရက်လုပ်ဖို့ စီစဉ်ထားပါတယ်”

“မင်းသိတဲ့အတိုင်း ခုလို စစ်အုပ်ချုပ်ရေးကာလ တမြို့လုံး ညဘက် တိတ်ဆိတ်နေချိန်မှာ ထောင်ထဲက ခုလို ကျယ်လောင်တဲ့ အသံထွက်လာလို့ စစ်တပ်က ထောင်ထဲဝင်လာပြီး မေးလားမြန်းလား စစ်လားဆေးလား လုပ်လာရင် မင်းအတွက်လည်း မကောင်းဘူး။ ငါတို့အတွက်လည်း မကောင်းဘူး။ အခု မင်းဘယ်နှစ်ရက် လုပ်ပြီးပြီလဲ”

‘နှစ်ရက်လုပ်ပြီးပြီ”

လို့ ပြောလိုက်တယ်။ ထောင်ပိုင်က

“ဒါဆို မင်း ဒီနှစ်ရက်လောက်နဲ့ဘဲ တော်လိုက်တော့။ ဒီလောက်နဲ့ မင်း ကြေနပ်လိုက်တော့”

လို့ ဆိုတော့ ငါက

“အဲသလိုဆိုရင် ကျနော် ထောင်ပိုင်တောင်းဆိုတာကို လိုက်လျောပေးပါ့မယ်။ ဒါပေမဲ့ ကျနော် မကြေနပ်တာတခု ရှိသေးတယ်။ အဲဒါကို ထောင်ပိုင်ကို တင်ပြချင်တယ်။ ကြောင်ဒေါင်းဆိုတဲ့ကောင်က ဒီလိုပြောတာ ရှိတယ်။ ဒါကို အရေးယူ ဆောင်ရွက်ပေးပါ”

“ကြောင်ဒေါင်းက မင်းကို ဘာပြောလို့လဲ”

“ကျနော့်ကို ပြောတာမဟုတ်ဘူး. ဆရာကြီးကိုပြောတာ။ သူပြောတာက ဒီဆရာကြီး သေသွားလို့ ဘာဖြစ်လဲ။ ငါတို့အတွက် ဒီဆရာကြီးက ဘာကောင်းကျိုး ရှိလို့လဲ။ အဲဒီဆရာကြီး ထောင်ထဲ ဝင်လာတုန်းကလည်း ငါတို့အတွက် ဘာအကျိုးမှမရှိ။ ခု သေတော့လည်း ပိုတောင် အကျိုးမရှိ။ ထောင်ဝင်စာတွေ ပိတ်ဦးမယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ပြောတယ်”

ငါက ပြန်ဖြေတော့ ထောင်ပိုင်က အနားက ထောင်မှူးလှမောင်ကို မေးတယ်။

“ကြောင်‌ဒေါင်းဆိုတာ ဘယ်သူလဲ”

“ကြောင်ဒေါင်းဆိုတာ ကျော်သောင်းကို ပြောတာ။ မိန်းဂျေးရုံးမှာ ကျနေတဲ့ကောင်”

ဆိုတော့ ထောင်ပိုင်က

“ဟ.. မင်း အဲဒီလိုကောင်တွေနဲ့ ဘာဖြစ်လို့ ယှဉ်ပြီး ပြောနေမှာလဲ။ မင်း ဒီကောင်နဲ့ ဖက်ပြီး ဖြစ်မနေနဲ့။ ဒီကောင်တွေက သူများ ထောင်ဝင်စာလာတာကို ဖြဲပြီးဟောက်စားမှ ထမင်းဝတဲ့ အလုပ်ကိုလုပ်နေတဲ့ ဇိုးဘဲတွေ။ ဖက်ပြီးဖြစ်မနေနဲ့”

“ကျနော်က ဖက်ဖြစ်နေတာမဟုတ်ဘူး ထောင်ပိုင်။ ကျနော်တို့ တန်ဘိုးထားတဲ့ ပုဂ္ဂိုလ်ကြီးတယောက်ကို ဒီလိုပြောတာကို မခံနိုင်လို့ ပြောတာ။ လက်မခံနိုင်လို့ ပြောတာပါ“

“အေး. ကောင်းပြီလေ။ ငါ စစ်ဆေးလိုက်မယ်။ မင်းလည်း နောက်ရက် ဆုတောင်းတာ သံပြိုင်အော်တာ ထပ်မလုပ်နဲ့တော့။ မင်းကို လက်မှတ်ထိုးခိုင်းတာတွေဘာတွေ မလုပ်တော့ဘူး”

ဆိုပြီး ငါ့ကို ဘာမှ အရေးယူတာ မရှိဘူး။ ငါက ဆက်တောင်းဆိုတာက

“ကျနော် ဆရာကြီးကို နောက်ဆုံးအနေနဲ့ ကန်တော့လိုက်ချင်တယ်။ ထောင်ပိုင် ခွင့်ပြုပေးပါ”

“အဲဒါတော့ မဖြစ်နိုင်ဘူး။ ထောင်မှူးလည်း ငါ့ကို တင်ပြလာတာရှိတယ်။ မင်းတယောက်ကို ခွင့်ပြုလိုက်ရင် နောက်ထပ် နောက်ထပ် တယောက်ပြီးတယောက် ထပ်တောင်းဆိုလာကြမှာဘဲ။ ဒါကို မင်းသိပါတယ်။ ဒါကြောင့် ဒီကိစ္စ မင်းကို ငါ ခွင့်ပြုလို့မရ”

လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။

နောက်တရက်နေ့ နေ့လည် (၁၂) နာရီလောက်မှာ ဆရာကြီးအလောင်းကို အလုပ်ရုံထဲက သယ်ထုတ်ယူလာကြချိန် အချုပ်ဆောင်နဲ့ အကျဆောင်ကြားလမ်းရောက်တာနဲ့ သံပြိုင်အော်ဖို့ တိုင်ပင်ထားတယ်။ အဲဒီနေ့မှာဘဲ ငါ့ကို အခြားတခန်း ပြောင်းပစ်ပြန်တယ်။ နှစ်ရက်အတွင်း ငါ အခန်းနှစ်ခါ ပြောင်းခံရတယ်။ သူတို့ ငါ့ကို အခန်းပြောင်းလိုက်ပေမဲ့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း တယောက်က အခြားတယောက်ကို တီးတိုးမှာပြီး အချက်ပေးလို့ ရတာဘဲ။ ဆရာကြီးအလောင်းကို အလုပ်ရုံထဲက ထုတ်ယူလာကြချိန်မှာ

“ရက္ခိုင်သမိုင်းသုတေသီ ဆရာကြီး ဦးဦးသာထွန်း ကောင်းရာသုဂတိ ရောက်ပါစီ’

ဆိုပြီး အကျဉ်းသားအားလုံးက သံပြိုင်အော်ကြတယ်။

နောက်တနေ့ရောက်တော့ ဆရာကြီးကို ရင်ခွဲတဲ့အထဲမှာပါတဲ့ ကိုအေးမောင်ဆိုတဲ့သူဟာ ငါ့ကို လက်တို့ခေါ်ပြီး

“ဆရာကြီးအိတ်ထဲက ပဲနယ်ဆလင်ပုလင်း သေးသေးလေးတလုံးကို ရက္ကန်းဘုတ်က ဘုတ်ကိုင်မူဆလင် ရထားလိုက်တယ်။ အထဲမှာ ဘုရားရုပ်လိုလို သီဝလိရုပ်လိုလိုဘဲ မြင်မိလိုက်တယ်”

လို့ တိုးတိုးလေး လာပြောတယ်။ ရင်ခွဲဖို့ ယူသွားတဲ့အခါ အင်္ကျီအိတ်ထဲက ပုလင်းလေးကို ရတာ။ အဲဒီထဲမှာ ပါတာတဲ့။ ဒါကြောင့် ငါ့အခန်းက အခန်းလူကြီး မိုက်ခဲကို သွားတောင်းခိုင်းတယ်။ ဒါပေမဲ့ မရ။ အဲဒီ ရက္ကန်းဘုတ်ကိုင်က သူ မရထားဘူးလို့ ငြင်းတယ်။ ငါ့ကိုလာပြောတဲ့သူ ကိုအေးမောင်ကို ငါထပ်မေးကြည့်တယ်။

“ခု ငါ သွားတောင်းခိုင်းတော့ ဒီကောင်က သူ မရထားဘူးလို့ ငြင်းနေတယ်။ အဲဒါ ဒီကောင် လိမ်နေတာလား”

လို့ ငါမေးတဲ့အခါ သူက

“သေချာတယ်။ သူ ယူလိုက်တာကို ငါ မျက်စေ့နဲ့ အသေချာ မြင်လို့ ပြောတာ။ ဒီကောင် မပေးချင်လို့ ညာနေတာပါ”

လို့ ပြောလာတော့ ငါကိုယ်တိုင် သွားမှရမယ်လို့ ဆုံဖြတ်ပြီးနောက် သူနေတဲ့ ရက်ကန်းရုံကို ငါကိုယ်တိုင် လိုက်သွားပြီး တောင်းတယ်။ ဒီကောင်က ရက္ကန်းဘုတ်ကိုင်။ အရပ်ခပ်မြင့်မြင့်နဲ့။

“အကို အဲဒီပုလင်းကလေးထဲမှာ ဘုရားရုပ်။ သီဝလိ အရုပ်ကလေး တရုပ်ပါတယ်။ အကိုက မူဆလင်ဘာသာဝင်ဆိုတော့ အကို့အတွက် ဘာမှအသုံးမဝင်ဘူး။ ငါ့အနေနဲ့က ဆရာကြီးကျန်ခဲ့တဲ့ ပုလင်းခွံကလေးဆိုလည်း ပုလင်းခွံဘဲပေါ့။ ငါ အထွဋ်တမြတ် အမြတ်တနိုး တန်ဘိုးထား သိမ်းထားချင်လို့ပါ”

ဒါပေမဲ့ သူက သူ ရမထားလို့ ငြင်းတယ်။ ဆိုတော့

“ဒီလိုငြင်းနေရင် အကို့ကို… မပေးရင်ပေးအောင် ငါက လုပ်ရမှာပေါ့”

ခက်ထန်ထန် ဒေါသနဲ့ ပြောလာတဲ့အခါ သူ လန့်လာပုံရတယ်။ သူက

“ငါ့ကို ဆေးပြင်းလိပ် နှစ်ထုပ်လောက် ပေးပါ။ အဲဒီပုလင်းနဲ့ အရုပ်ကို ပေးပါ့မယ်”

“ပေးမယ်။ ပုလင်းနဲ့ ပုလင်းထဲပါလာတဲ့ အရုပ်ကိုသာ ပေးပါ”

ဆိုပြီး ငါ ဆေးပြင်းလိပ်နှစ်ထုပ် မှာပေးလိုက်တယ်။ အဲဒီပုလင်းထဲမှာ သီဝလိရုပ်ကို သစ်သားကလေးနဲ့ လုပ်ထားတာ။ အဆောင်သဘောမျိုး ထင်ပါတယ်။ နေ့နံနဲ့ကိုက်ပြီး လက်နဲ့ ထွင်းလုပ်ထားတာလားတော့ မသိဘူး။ ငါနဲ့ထိုက်တန်လို့ ငါရအောင် ယူလိုက်နိုင်တာဘဲဆိုပြီး ဆရာကြီးနဲ့ပတ်သက်လို့ ထာဝရအမှတ်တရအဖြစ် လုံခြုံတဲ့နေရာမှာ အဲဒီပုလင်းနဲ့ သီဝလိရုပ်ကို သိမ်းဆည်းထားလိုက်တယ်။

Related posts

သံတိုင်ကြားက ဝိုးတဝါးအတွေး

Rakhita Times

MUYA စေတနာ့ ဝန်ထမ်းလေးဦး သေဆုံးမှုအတွက် PYA ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

Rakhita Times

တမန်းသားရွာက ပျောက်နေတဲ့ ရွာသား၅ ဦး အသတ်ခံလိုက်ရပြီလို့ သတင်းထွက်ပေါ်

Rakhita Times

Leave a Comment