အာရက္ခတိုင်းမ်စ် (၂၈ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မှာ ရာသီဥတု ပူပြင်းလာတာနဲ့အတူ သောက်သုံးရေ လိုအပ်ချက်တွေ ရှိနေတယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းရဲ့ ဥက္ကဌကိုမျိုးချစ်က ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတွေမှာ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ရေကန် တူးဖော်တာတွေ လုပ်ဆောင်လျက် ရှိတယ်လို့ အဆိုပါ ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ကိုမျိုးချစ်က ပြောပါတယ်။
အဆိုပါ Camp မှာ စစ်ဘေးရှောင်အိမ်ခြေ စုစုပေါင်း ၄၀၀ ခန့် နဲ့ Camp အနီးနားရွာမှာတော့ အိမ်ခြေ ၃၀၀ ခန့် ရှိတာကြောင့် နဂိုရှိတဲ့ ရေကန်နဲ့ လက်ရှိ လူဦးရေအရ မလောက်ငှတာကြောင့် အရေးပေါ် ရေကန်များ တူးဖော်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ ကျနော်တို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းကနေပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ရေရှားပါးပြီး သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ camp တွေမှာ ရေအခမဲ့ ဖြန့်ဝေပေးနေတာတွေ ရှိတယ်ဗျ။ နှစ်စဉ်နှစ်တိုင်း ဒီ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ နွေရာသီ ရောက်လာတာနဲ့အမျှ ရေရှားပါးတာ သောက်သုံးရေ ခက်ခဲတာ နှစ်တိုင်း ကြုံတွေ့ရတယ် ခင်ဗျ။ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်ဖို့ စစ်ရှောင် camp လူဦးရေများတဲ့ တနေရာမှာ ရေတွင်းရေကန် တူးဖော်နိုင်ဖို့ ကြိုးစားဖို့ ရှိတယ်ဗျ။ ရေတွင်းရေကန် တူးဖော်နိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတယ်။ လက်ရှိအချိန်ထိတော့ အလှူရှင် နည်းပါးနေသေးတယ်” လို့ ကိုမျိုးချစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လိုအပ်တဲ့ နေရာများမှာ ရေတွင်းရေကန်များ တူးဖော်နိုင်ခဲ့ရင် နောက်နှစ် နွေရာသီကာလအတွက်ပါ ရေရှားပါးမှု လျော့ပါးသွားနိုင်မှာဖြစ်သလို ရေတွင်းရေကန် တူးဖော်နိုင်ဖို့ အလှူရှင်တွေရဲ့ အကူညီလည်း လိုအပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Photo – Myanmar Now
