အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း ၃၄)
ဌေးဝင်း
ငါ့ရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ တောင်ကိုရီးယားကို အလုပ်သွားလုပ်မဲ့ ခရီးစဉ်က မရေမရာနဲ့ ကြန့်ကြာနေပေမဲ့ ငါကတော့ ထိုင်းနိုင်ငံထဲမှာ အလုပ်လက်မဲ့ ဖြစ်မနေခဲ့ဘူး။ ပိုက်ဆံရတဲ့ အလုပ်တော့ မဟုတ်ဘူး။ အဲဒီအလုပ်ကလည်း ငါကိုယ်တိုင်က လုပ်ချင်တယ်။ လုပ်နိုင်တဲ့ အလုပ်တွေ ဖြစ်နေလို့ ဒီအလုပ်တွေကို ကူညီ လုပ်ကိုင်ပေးနေရတာကိုလည်း ဂုဏ်ယူစွာနဲ့ ငါ အားတက်သရော လုပ်နေတုန်းမှာဘဲ ငါ တွေ့သိခွင့်ရလိုက်တဲ့ ဂျပန်သတင်းထောက် အမျိုးသမီးချောနှစ်ယောက်ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရလို့ စိတ်အားတက်စရာ ကောင်းလှတဲ့ ဖြစ်ရပ်တခုကိုတောင် ကြုံခဲ့ရတာလေးကို ပြန်ပြောပြချင်ပါသေးတယ်။
ငါ ပကျွတ်ခရီခန်က ဦးအောင်စိန်သာရဲ့ NUFA ရုံးမှာ ရှိနေတုန်း ကိုခိုင်မြတ်ကျော်နဲ့အတူ ဂျပန်လူမျိုး အမျိုးသမီးသတင်းထောက်နှစ်ယောက် ပါလာခဲ့ကြတယ်။ နာမည်တွေကတော့ မီဒိုရီနဲ့ မာရီကိုတဲ့။ ကိုခိုင်မြတ်ကျော်က သူတို့နှစ်ယောက်နဲ့ ငါ့ကို မိတ်ဆက်ပေးတယ်။ ပြီးတော့ နဝတ စစ်အစိုးရဆီမှာ ဖမ်းဆီးခံ နှိုက်စက်ခံ ထောင်သွင်း အကျဉ်းချခံခဲ့ရတာတွေအပါအဝင် ငါ့အကြောင်းတွေကို ကိုခိုင်မြတ်ကျော်က သူတို့ကို ပြောပြတော့ သူတို့နှစ်ယောက်ဟာ ငါ့ကို သနားစာနာစိတ်နဲ့ စူးစိုက်ကြည့်ကြသလို ငါရင်ဆိုင် ကျော်ဖြတ်ခဲ့ရတဲ့ တော်လှန်ရေးသမားတယောက်ရဲ့ ခရီးကြမ်းကို နားနဲ့ ဆတ်ဆတ်ကြားနေရသလို ကာယကံရှင်ကိုလည်း အရှင်လတ်လတ် မြင်တွေ့နေရလို့ အံ့ဩတဲ့ လက္ခဏာတွေကိုလည်း ငါ မြင်နေရတယ်။ သူတို့ မေးတဲ့ မေးခွန်းတွေကို ဖြေရင်း ငါက ခုလို သူတို့ကို ပြန်ပြောလိုက်တယ်။
“ နင်တို့ တော်တော်ကြီးကို စွန့်စားပြီး တောထဲကိုထိလာပြီး ငါတို့ရဲ့ တော်လှန်ရေးအကြောင်းကို ကမ္ဘာက သိစေချင်တဲ့ စေတနာတွေနဲ့ သတင်းယူကြတာကို ငါတို့ ချီးကျူးတယ်။ လေးလည်း လေးစားတယ်”
လို့ ပြောတော့ သူတို့ ပြန်ပြောတာက
“ငါတို့က မင်းတို့ကို ချီးကျူးနေတာ ဖြစ်တယ်။ မင်းတို့ဟာ မြန်မာပြည်သူတရပ်လုံးရဲ့ အခွင့်အရေးအတွက် တောတောင်တွေထဲမှာ အစားဆင်းရဲ အနေဆင်းရဲ ကိုယ့်မိသားစုနဲ့ ခွဲခွါပြီး တော်လှန်ရေး လုပ်နေကြတယ်။ တချို့ တော်တော်များများဆို ကျောင်းသားတွေ ဖြစ်ကြတယ်။ သူတို့တွေ မင်းတို့တွေဟာ စာသင်ခန်းကို ကျောခိုင်းပြီးမှ စစ်စခန်းတွေထဲမှာ စစ်ပညာတွေကို သင်ယူကာ ပြည်သူတရပ်လုံး ဒီမိုကရေစီရရှိရေး အမျိုးသား လွတ်မြောက်ရေးအတွက် ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား တိုက်ပွဲဝင်နေကြတဲ့ အမျိုးသား သူရဲကောင်း ဒီမိုကရေစီ သူရဲကောင်းတွေ ဖြစ်တယ်။ ငါတို့မှာ မင်းတို့လို သူရဲကောင်း ဖြစ်ပိုင်ခွင့် မရှိတော့ဘူး။ ငါတို့ဂျပန်တွေအတွက် ဂျပန်ပြည်မှာ ဒီအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေ ပေါ်ထွက်ခဲ့ပြီးပြီဖြစ်လို့ ငါတို့မှာ မင်းတို့လို တိုင်းပြည်နဲ့ လူမျိုးလွတ်မြောက်ဖို့နဲ့ ပြည်သူတွေအတွက် တော်လှန်ရေးလုပ်ဖို့ အခွင့်အရေး မရှိတော့ဘူး။ မင်းတို့ဟာ သိပ်ကံကောင်းတယ်။ ရတောင့်ရခဲတဲ့ လူဘဝမှာ မင်းတို့အနေနဲ့ အမျိုးသားသူရဲကောင်း ဖြစ်ခွင့်နဲ့ တော်လှန်ရေး ခေါင်းဆောင်ဖြစ်ခွင့်တွေ ရှိတယ်။ ပြည်သူလွတ်မြောက်ရေးမှာ ပါဝင်နိုင်ခွင့်တွေ ရှိတယ်။ ငါတို့မှာ အခုလို အဲဒီအခွင့်အရေး ရှိရင် ငါလည်း မင်းတို့လို တော်လှန်ရေးထဲမှာဘဲ ရှိနေမှာ ဖြစ်တယ်”
လို့ သူတို့က ငါတို့ကို ပြန်ပြီး ချီးကျူးစကား ဆိုတယ်။ သူတို့က မြှောက်ပြောနေတာ မဟုတ်ဘူးဆိုတာကို သူတို့မျက်လုံး သူတို့မျက်နှာက သက်သေပြနေတယ်။ ဒီလို ရိုးသားစွာ ပြောဆိုအားပေးခဲ့တဲ့ ဒီဂျပန်မနှစ်ယောက်ရဲ့ စကားက ငါ့ကို တကယ်ဘဲ ခွန်အားဖြစ်စေတယ်ဆိုတာ သေချာတယ်။
ငါက သူတို့ ရောက်လာတဲ့အချိန်မှာ ကရာတေးဝတ်စုံဝတ်ပြီး ကရာတေးကစားနေတာနဲ့ တိုက်ဆိုင်နေတယ်။ ဒါကြောင့် သူတို့နဲ့ စကားပြောကြလို့အပြီးမှာ သူတို့က ငါ့ကို ကရာတေး ကစားပြခိုင်းတယ်။ ပြီးနောက် သူတို့နဲ့ ဓါတ်ပုံတွေ တွဲရိုက်ကြပြီး ပကျွတ်ပင်လယ်ကမ်းခြေကို ငါ လိုက်ပြလိုက်တယ်။ သူတို့နှစ်ယောက်ထဲက မီဒိုရီဆိုတဲ့တယောက်က ရုပ်ရှင်မင်းသမီးလိုဘဲ တော်တော်ချောတယ်။ အဲဒီရုံးမှာ သူတို့ဟာ တည တည်းခိုပြီး နေသွားကြတယ်။ မနက်ပိုင်း ပြန်ခါနီးမှာ NUFA ရုံးမှာရှိတဲ့ ရဲဘော် မောင်မောင်ဝင်းဆိုသူကို အမှတ်တရ အကောင်းစား ဇင်ပိုအမျိုးအစား မီးခြစ်တလုံး လက်ဆောင်ပေးခဲ့တယ်။
ငါ သူတို့ နှစ်ယောက်လုံးရဲ့ ပြောစကားတွေကို သတိတခု ထားမိလိုက်တာက သူတို့တွေရဲ့ သူရဲကောင်းဖြစ်လိုတဲ့ စိတ်ဆန္ဒကိုဘဲ။ အလားတူ ငါ့မှာလည်း အဲလိုစိတ်ဓါတ်မျိုး သဘောထားမျိုးတွေ တကိုယ်တော် သူရဲကောင်း ဖြစ်ချင်တာတွေ အရင်တုန်းက တော်တော် ရှိခဲ့ဘူးတယ် ဆိုတာကိုဘဲ။ အခု နောက်ပိုင်းမှာတော့ ငါဟာ တကိုယ်တော် သူရဲကောင်းဝါဒထက် အများအတွက် စွန့်စွန့်စားစား တာဝန်ယူရဲရမယ်။ အများပြည်သူ တရပ်လုံးဟာ သူရဲကောင်းတွေ ဖြစ်ရမယ်။ အဲဒီအထဲမှာ ငါလည်း တယောက်အပါအဝင် ဖြစ်ရမယ်ဆိုတဲ့ အတွေးတွေ ရောက်လာတယ်။
ဒီလို နေရင်းနဲ့ တနေ့မှာ ဦးအောင်စိန်သာက ခုလို ပြောလာတယ်။
“ကျော်ဟန်.. ငါ့ကို ဗဟိုက အကြောင်းကြားလာတယ်။ ငါတို့ဟာ NUPA အဖြစ်နဲ့ တာဝန်ယူရတော့မယ်။ NUPA ရဲ့ တာဝန်တွေကို ယူတော့မှာ ဖြစ်တယ်။ ဒါကြောင့် ဘန်ကောက်မှာ ဗိုလ်ရာဇာတို့နဲ့ တွေဖို့ ငါသွားရမယ်။ ငါနဲ့အတူ ရက္ခိုင်အမျိုးသား ဆရာကြီး ခိုင်ဦးမောင် (MA-English) လည်း လိုက်မယ်။ မင်းလည်း ငါတို့နဲ့အတူ တခေါက်လောက် လိုက်ပါပေးပါ”
လို့ ပြောတော့ ငါလည်း
“ဟုတ်ကဲ့.. လိုက်မယ်”
လို့ ဝမ်းသာအားရနဲ့ ပြန်ဖြေလိုက်တယ်။
ငါတို့သုံးယောက် ပကျွတ်ကနေ ဘန်ကောက်ကို တက်လာပြီး ဗိုလ်ရာဇာတိုရဲ့ ရုံးခန်းကို သွားကြတယ်။ တွေ့ဆုံပြီး စကားတွေ ပြောကြတယ်။ ဒီနေရာမှာ ဗိုလ်ရာဇာက ဆရာကြီး ဦးခိုင်ဦးမောင်ကို အမျိုးသားရေးအတွက် အလုပ်လုပ်ဖို့ အသေအချာ လေးနက်စွာ စည်းရုံးပြီး စိတ်ရှည်လက်ရှည် ပြောနေတာကို တွေ့ရ တယ်။
“တော်လှန်ရေးမှာ လက်ရုံးရည် အရေးကြီးသလို နှလုံးရည်နဲ့ ပြည့်ဝတဲ့ ပညာတတ်တွေလည်း အရေးပါတယ်။ ဆရာကြီးအနေနဲ့ ဒီထိုင်းဘက်အပိုင်းမှာ တော်လှန်ရေး အဖွဲ့အစည်းတွေကို အချိန်ကာလတခုထိ အလုပ်အကျွေး ပြုပြီးပြီ ဖြစ်တယ်။ အခုလို အချိန်မှာ ဆရာကြီးလို ပညာတတ်တွေကို ကျနော်တို့တော်လှန်ရေးမှာ ပါဝင်ဖို့ တာဝန်ယူ ဝိုင်းရံဖို့ ကျနော် ခေါင်းဆောင်တယောက်အနေနဲ့ မေတ္တာလည်း ရပ်ခံတယ်။ တောင်းလည်း တောင်းဆိုပါတယ်”
လို့ ပြောတယ်။ တဆက်တည်း ပြောတာက
“ဆရာကြီဟာ (MA-English) ဘွဲ့ ရ ပညာတတ်တယောက်အနေနဲ့ ဒီဘက်မှာ တော်တော် အကျိုးပြုပေးနေတာ။ အဖွဲ့အစည်း တော်တော်များများက လူငယ်တွေကိုလည်း အင်္ဂလိပ်စာ သင်ပေးတာ။ ဘာသာပြန်ပေး လုပ်ပေးနေတာတွေကို ကြားသိရတော့ ဝမ်းသာတယ်။ ငါတို့အနေနဲ့လည်း ဆရာကြီးကို အားကိုးတယ်။ ဆရာကြီးရဲ့ အကူအညီကိုလည်း ငါတို့ အများကြီး လိုအပ်တယ်။ ဆရာကြီး ငါတို့ရဲ့ NUPA မှာ နေရာတခုခုယူပြီး အမျိုးသားရေး တာဝန်ကို ယူပေးပါ”
ဆိုပြီး ပြောဆိုတော့ ဆရာကြီးက
“ခင်ဗျားကိုယ်တိုင်ကလည်း အခု ဒီလို တောင်းဆိုလာတယ်။ အရင်ကလည်း ဦးအောင်စိန်သာတို့ ဒီလူငယ် ကျော်ဟန်တို့လည်း ခင်ဗျားလိုဘဲ ပြောတာတွေ ရှိခဲ့တယ်။ ငါလည်း စဉ်းစားထား ဆုံးဖြတ်ထားတာတွေ ရှိတယ်။ အခုတော့ ငါ ယတိပြတ် ဆုံးဖြတ်လိုက်တယ်။ ငါ NUPA မှာ ငါ တာဝန်ယူမယ်။ ငါ အပြည့်အဝ ပါဝင် တာဝန်ယူပေးမယ်”
လို့ ဆိုတော့ ဗိုလ်ရာဇာလည်း တော်တော် ဝမ်းမြောက်ဝမ်းသာ ဖြစ်တာကို ငါ့မျက်စေ့နဲ့ မြင်တွေ့ခဲ့ရတယ်။
ဗိုလ်ရာဇာက ထပ်လောင်း ပြောဆိုတာက
“ဆရာကြီး တာဝန်ယူမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ဖက်ကိုသွားပြီး တာဝန်ယူရလိမ့်မယ်။ ဒီကိုတော့ တခါတခါ ပြန်လာပေါ့။ နောက်ပိုင်း မိသားစုကို ခေါ်ချင်ရင်လည်း ခေါ်ပေါ့။ လောလောဆယ် ဆရာကြီးအတွက် ပတ်စပို့လုပ်ဖို့ ငါတို့ စီစဉ်ကြမယ်”
လို့ ပြောပြီး စကားကို အဆုံးသတ်လိုက်ကြတယ်။ ဘန်ကောက်က ပြန်ရောက်လာပြီး တရက်နှစ်ရက်အတွင်းမှာဘဲ ဦးအောင်စိန်သာက ပလာဦးစခန်းမှူးနဲ့ ရဲဘော်တချို့ကို ရုံးကို ခေါ်ပြီး ခုလို ပြောတယ်။
“ဒီမှာရှိနေတဲ့ ရဲဘော်တွေ အားလုံးဟာ NUPA ရဲ့ ဘတ်တံဆိပ် ပြောင်းကြရမယ်။ စစ်ဖက်ဆိုင်ရာ တာဝန်တွေအားလုံးကို ရခိုင်ပြည်တပ်မတော် Arakan Army က တိုက်ရိုက် ကိုင်တွယ်တော့မယ်”
ထို့နောက် စခန်းအတွင်းရှိ လူ လက်နက်ခဲယမ်း စာရင်းတွေကို ပြုစုပြီးပေးဖို့ ဆက်လက် ပြောဆိုတယ်။ ဦးအောင်စိန်သာ ပြောဆိုစရာများကို ပြောဆိုပြီးနောက် စခန်းမှူးနဲ့အတူ ပါလာတဲ့ ရဲဘော်တွေဟာ စခန်းထဲကို ပြန်သွားလိုက်ကြတယ်။ နောက် (၃) ရက်လောက်အကြာမှာ ဦးအောင်စိန်သာက ငါ့ကို စာရွက်စာတမ်းတချို့ကို ပေးဖို့အတွက် ဘန်ကောက်က ဗိုလ်ရာဇာဆီကို လွှတ်လိုက်တယ်။ ဘန်ကောက်မှာ ငါ ဗိုလ်ရာဇာနဲ့ တွေ့တဲ့အခါ သူက
“ကျော်ဟန် ခင်ဗျား ဗိုလ်ကျော်ခိုင်နဲ့ သွားတွေ့ပြီး ပါလာတဲ့ စာရွက်စာတမ်းတွေကို သူ့ကို ပေးလိုက်”
ဆိုတော့ ငါလည်း ဗိုလ်ကျော်ခိုင်ဆီသွားပြီး ပါလာတဲ့ စာရွက်စာတမ်းကို ပေးလိုက်တယ်။ သူဟာ ငါပေးတဲ့ စာရွက်စာတမ်းတွေကို ဖတ်အပြီးမှာ
“ကျော်ဟန် ပကျွတ်ကို ဘယ်တော့ပြန်မှာလဲ”
လို့ ငါ့ကို မေးတော့
“မနက်ဖန် ညနေကားနဲ့ ပြန်မယ်”
လို့ ငါက ဖြေရာ
“ဦးအောင်စိန်သာဆီကို ပို့ပေးစရာ ပစ္စည်းတချို့ ရှိလို့ မနက်ဖြန် နေ့လည်ပိုင်းမှာ လာယူလို့ ရမလား”
မေးတော့ ငါက
“ရတယ်”
လို့ ပြောလိုက်ပြီး နောက်တနေ့မှာ ဗိုလ်ကျော်ခိုင်ဆီက ပို့ပေးလိုက်တဲ့ ပစ္စည်းထုပ်ကို သွားယူကာ ပကျွတ်သို့ ပြန်လာလိုက်တယ်။ ပကျွတ်ကို ရောက်တာနဲ့ ဗိုလ်ကျော်ခိုင်ပေးလိုက်တဲ့ အထုပ်ကို ဦးအောင်စိန်သာကိုပေးပြီးနောက် ငါဟာ အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်။ ခဏလောက်အကြာမှာ ဒေါကြီးမောကြီးနဲ့ ဦးအောင်စိန်သာ အော်သံတွေကြားလို့ ငါလည်း အောက်ကနေ နားစွင့်ကြည့်တော့
“ဟေး.. ကျော်ခိုင်.. ပုဏ္ဏား မအေယိုး။ မင်းက ဘာသဘောလဲ။ ဒါ..မင်း တော်တော် မိုက်ရိုင်းတာဘဲ.. ခွေးကောင်..ဒါကြောင့် မင်း..ကို ပုဏ္ဏားလို့ နာမည်ပေးထားကြတာ။ မင်း ငါတို့ကို တော်တော် အားမနာလုပ်တာဘဲ။ စော်ကားတာဘဲဖြစ်တယ်။ မင်းနဲ့ငါ လာတွေ့မယ်။ တွေ့ကြသေးတာပေါ့ကွာ။ ဒါကို ငါ လုံးဝ သည်းလည်း မခံနိုင်ဘူး။ လက်လည်းမခံဘူး”
ဆိုပြီး ကြိမ်းမောင်းသံတွေကို ကြားလိုက်ရတယ်။ နောက်မှ သိရတာက ဗိုလ်ကျော်ခိုင်က ဦးအောင်စိန်သာတို့ရဲ့ တပ်ဖွဲ့ဝင်တွေ ရဲဘော်တွေအတွက် ဘက်တံဆိပ်နှစ်စုံနဲ့ တဘက်ဘဲ ထည့်ပေးလိုက်တာလို့ သိရတယ်။ ဗိုလ်ကျော်ခိုင်ဆိုတာဟာ ၈၈ အရေးအခင်းမတိုင်မှီ မြောက်ဦး သန့်ရှင်းရေးအသင်းဝင်တွေ တောခိုလာတုန်းက အဲဒီအဖွဲ့ကို ဦးဆောင်တဲ့ ကျော်ထွန်း ဖြစ်တယ်။
ဗိုလ်ကျော်ခိုင် ရည်ညွှန်းလိုတဲ့အဓိပ္ပါယ်က မင်းတို့မှာ လူနှစ်ယောက်နဲ့ တပိုင်းဘဲ ရှိတယ်ဆိုတဲ့ သဘော။ နှိမ်တဲ့ စော်ကားတဲ့ သဘောမျိုးနဲ့ ခုလို ဘက်တံဆိပ် နှစ်စုံနဲ့ တဘက်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ထည့်ပေးလိုက်ခြင်း ဖြစ်တယ်။
အဲဒီလို အခြေအနေ ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်းမှာ ဦးအောင်စိန်သာဟာလည်း NUFA လိုလို NUPA လိုလို ACP လိုလိုနဲ့ စိတ်တော်တော်လေး ထိခိုက်သွားတာကို တွေ့ရတယ်။ ဦးအောင်စိန်သာရဲ့ မိခင်အဖွဲ့အစည်းက ACP ရခိုင်ပြည်ကွန်မြူနစ်ပါတီ ဖြစ်တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာဘဲ Arakan Army ထဲမှာရှိနေတဲ့ ယခင် (ACP) က ဗိုလ်တိုက်စိုး ဦးဆောင်ပြီး AA တပ်ကို အာဏာသိမ်းတာတို့ ဖြစ်တာရှိတယ်။
ဒီလိုမျိုး အဖွဲ့အစည်းတွင်းမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂိုလ်ရေး မဆင်မခြင် အပြုအမူ အပြောအဆိုတွေဟာ စည်းလုံးညီညွတ်မှုကို ပြိုကွဲစေတဲ့ အဓိက အကြောင်းရင်းတခု ဖြစ်တယ်။ တပ်ပေါင်းစု တခုအတွင်းမှာ ဟိုအဖွဲ့က ခေါင်းဆောင်နဲ့ နောက်တဖွဲ့က ခေါင်းဆောင်တွေရဲ့အကြားမှာ ပြဿနာစတက်လာရင် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးအနေနဲ့ တယောက်ပြီးတယောက် ကူးစက်သွားတတ်တယ်။ ပြဿနာတွေ တသီတသန်း တက်လာတတ်တယ်။ အဲသလို အချင်းချင်းတွေကြားမှာ ဟိုတစ ဒီတစ ဖြစ်လာနေတဲ့ အဖုအကျိတ်တွေ ပွတ်တိုက်မှုတွေဟာ နောက်ဆုံးဆုံမှတ်တခုမှာ ပေါင်းဆုံသွားတဲ့အခါ ပြဿနာအစိုင်အခဲကြီး ဖြစ်သွားကြတယ်။
တပ်ပေါင်းစုအတွင်း တဖွဲ့နဲ့တဖွဲ့ စိတ်ဝမ်းကွဲမှုတွေကနေ နောက်ဆုံးမှာ လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ ဖြစ်လာတတ်တယ်။ အာဏာသိမ်းမှုတွေအထိ ဖြစ်လာနိုင်တယ်ဆိုတာ ငါ သိမြင်လိုက်ရတယ်။ အမှိုက်ကစ ပြာဿဒ်မီးလောင်ဆိုတာ ဒါပါဘဲ။
အခြားတဘက်မှာ ငါတို့ဟာ ရက္ခိုင်ကျောင်းသားလူငယ်များညီလာခံ ဖြစ်မြောက်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရှိ ရက္ခိုင်ကျောင်းသားခေါင်းဆောင် အိန္ဒိယရှိ ရက္ခိုင်ကျောင်းသားခေါင်းဆောင်တွေကို အဆက်အသွယ်လုပ်ကာ အပတ်တကုတ် ကြိုးစားနေကြတယ်။ ဒီအချိန်မှာ မျှော်မှန်းမထားတဲ့ အခွင့်အလမ်းတခုက ပေါ်လာပြန်တယ်။ တနေ့မှာ ဦးအောင်စိန်သာက ငါ့ကို
“ကျော်ဟန်..မင်း ငါ့ကို အရေးပေါ် အကူအညီတခု ကူရတော့မယ်။ မင်းမှာ ပတ်စပို့ ရှိတာကတကြောင်း။ အဲဒီနေရာက မင်းသွားလာနေကျနေရာ။ နေထိုင်ဖူးတဲ့နေရာလည်း ဖြစ်တယ်ဆိုတော့ ကူလက်စနဲ့ မင်း ဆက်ကူပေးပါ”
လို့ ပြောလာတော့ ငါက
“ဦးလေးတို့ကို ကျနော် လုပ်နိုင်တာ လုပ်ပေးလို့ရတာဆို အဆင်သင့်ပါ”
လို့ ဆိုတော့ သူက
“တခြားမဟုတ်ပါဘူး။ မင်းအတွက် သိပ်လည်း မခက်ပါဘူး။ မင်း ဘင်္ဂလားဒေ့ရှ်ကို ခဏ သွားပေးဖို့ဘဲ”
ဆိုပြီး သူက သူလုပ်ထားတဲ့ အစီစဉ်ကို ပြောပြတယ်။ ငါလည်း သူအကူအညီ တောင်းလာတာကို ဝမ်းသာအားရနဲ့ သဘောတူ လက်ခံလိုက်တယ်။ တချက်ခုတ် နှစ်ချက် သုံးချက်ပြတ်ပေါ့။ ဘင်္ဂလားဒ့ရှ်ကိုရောက်ရင် ငါ အဓိက တွေ့ချင်နေတဲ့သူတွေဖြစ်ကြတဲ့ ကိုစောထွန်း။ မောင်ရှင်ကြီးနဲ့ ရွာမပြင်ဆရာတော်တို့နဲ့တွေ့ရမယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်ရှိ ရက္ခိုင်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ညီလာခံအတွက် တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ရမယ်။ အရင်က လုပ်ဖေါ်ကိုင်ဖက်တွေ အသိမိတ်ဆွေ ဆွေမျိုးတွေနဲ့လည်း ပြန်လည်တွေ့ ဆုံခွင့်လည်း ရမှာဆိုတော့ ငါလည်း ဝမ်းသာအားရနဲ့ဘဲ
“ ရပါတယ်။ အဆင်ပြေတယ်”
လို့ ပြန်ပြောလိုက်တယ်။
ဒါကြောင့် ငါ ဘန်ကောက်ကို တက်လာပြီး ဗီဇာလျှောက်ကာ ဘင်္ဂလားဒေ့ရှ်သို့ ခရီးထွက်လာခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်ကိုရောက်တော့ ဒါကာမြို့ (ကွင်မလာပူ) ရှိ ပရဟိတ စာသင်ကျောင်း ဖွင့်ထားတဲ့ ဘုန်းကြီးကျောင်းမှာ သွားပြီး တည်းနေလိုက်တယ်။
အဲဒီကျောင်းမှာ အစ်မလို ရင်းနှီးခင်မင်သူ သူနာပြုဆရာမ ဒေါ်မကျော့လှမိသားစုနဲ့ မြစ်နားရွာက ငါ့ဦးလေးဖြစ်သူ ငါ့အမေရဲ့ မောင်အငယ်ဆုံးရဲ့ သားတို့ ရှိကြတယ်။ ဆရာမ မကျော့လှဟာ အရေးအခင်းတုန်းက စစ်တွေထောင်ဖွင့်ပြီးနောက် စစ်တွေကနေ ဘင်္ဂလားဒေ့ရှ် မြစ်နားရွာသို့ ထွက်ပြေးလာခဲ့သူ ဖြစ်တယ်။ မကျော့လှဟာ ၁၉၈၆ ခုနှစ်က မင်းပြားဘဏ်ကို ACP က ဝင်စီးတဲ့ ကိစ္စနဲ့ ဖမ်းဆီး ထောင်ချခံခဲ့ရသူပါ။ သူကလည်း ယူဂျီတယောက်ပါ။ ထို့အတူ သူ့မောင်လည်း ယူဂျီပါဘဲ။
မကျော့လှနဲ့ ငါဟာ ယူဂျီအချင်းချင်းမို့လည်း ပိုပြီး ယုံကြည်စိတ်ချကာ ခင်မင်ကြတာပါ။ အဲဒီအချိန်ကတည်းက သူနဲ့ငါ သိကျွမ်းခင်မင်ခဲ့ကြတာလေ။ သူ့မှာ စစ်တွေမှာ ကျန်နေခဲ့တဲ့ သူ့ရဲ့ သမီးနဲ့သားကို ငါက မကြာ မကြာ သွားတွေ့ပြီး သူခလေးတွေအတွက် ငွေပေးပို့တာကို ကူညီ ယူဆောင်ပေးတာတွေ ရှိတယ်။ သူ့ကလေးနှစ်ယောက်ကို ဘင်္ဂလားဒေ့ရှ်က သူနေတဲ့နေရာကို အပြီးပိုင် ခေါ်တော့မယ်။ သူ့ကလေးတွေကို ခေါ်ယူပေးဖို့အတွက် ငါ့ကို သူအကူညီ တောင်းဆိုတဲ့အတွက် စစ်တွေကနေ မြစ်နားရွာကို သူ့သားသမီးတွေကို ငါ ပို့ဆောင်ပေးလိုက်တယ်။ ဒါကို ရန်သူသတင်းရသွားလို့ ငါ့ကို ရန်သူထောက်လှမ်းရေးက လိုက်ရှာတာလည်း ကြုံခဲ့ရဖူးတယ်။
အဲဒီမှာ ရှိနေတုန်းမှာဘဲ ဒါကာမြို့ထဲမှာ ဦးဖိုးလှ (ကွန်ဖူးဆရာ) ဦးအောင်ဝင်း (ALD) ဦးသီဟ (ရဟန်းပျိုသမဂ္ဂ) စတဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့လူတွေ စုပေါင်းပြီး နေကြတဲ့ နေရာကိုလည်း ငါ သွားရောက် တွေ့ဆုံခဲ့တယ်။ သူတို့ဆီမှာ ခေတ္တ တည်းခိုပြီးနောက် ဖလောင်းချိတ် (Cox Bazaar) ကို ဆင်းသွားပြီး ဦးအောင်စိန်သာ တာဝန်ပေးလိုက်တဲ့သူနဲ့ သွားတွေ့ကာ ပါလာတဲ့ စာရွက်စာတမ်းတွေကို ပေးလိုက်တယ်။ ပြီးနောက် ငါ သိပ်တွေ့ချင်နေတဲ့ ကိုစောထွန်း။ ရွာမပြင်ဆရာတော်နဲ့ မောင်ရှင်ကြီးတို့နဲ့ တွေ့ဆုံခဲ့တယ်။ ဒါ့ပြင် ရက္ခိုင်ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ် ငါနဲ့ အဖိုးညီအစ်ကို တော်စပ်သူ ချိုဇံ (ဆရာကြီး ဦးအောင်လှဇံရဲ့ သားအငယ်ဆုံးဖြစ်ပြီး ဆရာဦးလှစောရဲ့ညီ) ဟာ ငရကြီးဆိုတဲ့ရွာမှာ ရှိနေတယ်လို့ သိရတော့ သူ့ကို စာနဲ့ အဆက်သွယ်လုပ်ကာ ခြံချောင်းသို့ လိုက်လာပါရန် ချိန်းဆိုခဲ့ပြီး မြစ်နားရွာကို ငါ ဆင်းလာခဲ့တယ်။
