ArticelsLife StylePolitic

မတူကွဲပြားမှုမှသည် ငြိမ်းချမ်းသာယာသော တိုင်းပြည်သစ်သို့

🖊️မင်းသုတ🖊️

အာရက္ခပြည်အတွင်းရှိ လူမျိုးများနှင့် ကိုးကွယ်မှုဘာသာတရားများ-

အာရက္ခပြည်ဟု ခေါ်ဆိုသည့် ရက္ခိုင်ပြည်တွင် ရက္ခိုင်လူမျိုး အပါအဝင် ခမီ၊ မြို၊ သက်၊ ဒိုင်းနက်၊ မာရမာကြီးနှင့် ကမန် စသည့် မျိုးနွယ်စုများ အတူယှဉ်တွဲနေထိုင်ကြသည်။ ထိုနည်းတူစွာပင် မွတ်ဆလင် လူမျိုးများလည်း မှီတင်း နေထိုင်လျက် ရှိနေကြသည်။ ခမီလူမျိုးသည် အဓိက ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများ ရှိကြသလို ရိုးရာ ကိုးကွယ်မှုများလည်း ရှိကြသည်။ မြိုလူမျိုးသည် အထူးသဖြင့် ရိုးရာ ကိုးကွယ်မှု များကြသည်။ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများလည်း ရှိကြသည်။ သက်လူမျိုးသည် ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြ၏။ လူနည်းစုကသာ ခရစ်ယာန်ဘာသာကို ကိုးကွယ်မှု ရှိသည်။ ဒိုင်းနက်လူမျိုးသည် ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြသည်။ ကမန်လူမျိုးသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။ မရမာကြီးလူမျိုးသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။

ထိုနည်းတူစွာ အာရက္ခပြည်တွင် ဗြဟ္မဏဘာသာကို ကိုးကွယ်ကြသည့် ဟိန္ဒူလူမျိုးလည်း ရှိကြသည်။ မူလဆင်လူမျိုးသည် အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ရက္ခိုင်လူမျိုးကို ခွဲ၍ မရနိုင်သလို အစ္စလာမ်ဘာသာနှင့် မူဆလင်လူမျိုးကိုလည်း ခွဲခြား၍ မရနိုင်ပါ။ လူမျိုးတိုင်း လူမျိုးတိုင်းသည် သူတို့ကြိုက်နှစ်သက်သည့် ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်နေကြသည်။ ကိုးကွယ်ခွင့်လည်း ပေးထားသည်။ ထိုသို့ မတူကွဲပြားသည့် လူမျိုးများ၊ ကိုးကွယ်မှု ဘာသာတရား ရှိရာတွင် ရက္ခိုင်လူမျိုးနှင့် မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ဟိန္ဒူ စသည့် လူမျိုးများနှင့် ပြဿနာကြီးငယ် မရှိ (ခဲ့) သော်လည်း မွတ်ဆလင်လူမျိုးများနှင့်သော် တစ်ခါတရံ ပွတ်တိုက်မှုများ ရှိခဲ့ကြသည်။ လူမျိုးရေး၊ ဘာသာရေး ပြဿနာ အဓိကရုဏ်းဖြစ်အောင်လည်း အုပ်ချုပ်သူ ဗမာလူတန်းစားများက အကွက်ကျကျ စီမံ ဖန်တီးပေးထားခဲ့ကြသည်။

ဗမာအစိုးရအဆက်ဆက် အုပ်ချုပ်ခဲ့စဉ် ကာလတလျှောက်တွင် ကိုးကွယ်မှု ဘာသာတရားနှင့် အခွင့်အလမ်း အများစုကို ကန့်သတ်မှု ရှိခဲ့သည်။ အထူးသဖြင့် အစ္စလာမ်ဘာသာ၊ မွတ်ဆလင်လူမျိုးများကို ကန့်သတ်မှုများ ရှိခဲ့သည်ဟု ဆိုရပါမည်။ ဥပမာ – လွတ်လပ်စွာ ကိုးကွယ်ခွင့် မရခြင်း၊ ပညာရေးကို ထိရောက်စွာသင်ယူခွင့် မရခြင်း၊ နိုင်ငံရေးနှင့် စီးပွါးရေးကိုလည်း လုပ်ပိုင်ခွင့် မရရှိခြင်းနှင့် ဒေသတွင်း လွတ်လပ်စွာ သွားလာခွင့် မရခြင်း စသဖြင့် ကဏ္ဍမျိုးစုံတွင် နည်းမျိုးစုံဖြင့် ဂုတ်သွေးစုပ် ဖိနှိပ် အုပ်ချုပ်ခဲ့ကြသည်။ ရက္ခိုင်လူမျိုးနှင့် မွတ်ဆလင်လူမျိုးကို လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်စေရန် သိမ်မွေ့သည့်နည်းပရိယာယ်များဖြင့် ဗျူဟာကျသည့် သွေးခွဲ အုပ်ချုပ်မှုများ ပြုလုပ်ခဲ့ကြသည်။

အုပ်ချုပ်သူ ဗမာအစိုးရ၏ မဟာဗျူဟာကျသည့် သွေးခွဲအုပ်ချုပ်မှုကြောင့်လည်း နှစ်ဖက် ပွတ်တိုက်မှုများနှင့်အတူ ဓားဆွဲ၊ တုတ်ဆွဲ ပဋိပက္ခတချို့လည်း ဖြစ်ပေါ်ခဲ့ရသည်။ တခါတရံ ဆိုပါကလည်း အကျိုးကိုလို၍ ညောင်ရေလောင်းသည့်သဘောဖြင့် မွတ်ဆလင်များကို ဓားစာခံအဖြစ် အသုံးချကာ နိုင်ငံရေး အမြတ်ထုတ်ယူမှုလည်း ရှိခဲ့သည်။ ထိုစဉ် ပြည်သူအများစုသည် နိုင်ငံရေး အသိအမြင် နည်းပါးခြင်းနှင့် ဆင်ခြင်တုံတရား နည်းပါးခဲ့ကြသည့်အခါ အုပ်ချုပ်သူဗမာလူတန်းစားများ၏ မာယာပရောဂျတ် မဟာထောင်ချောက်ထဲသို့ သားကောင်ပမာ ဝင်ရောက်မိခဲ့ကြသည်။ အဆိုးဆုံးမှာ ရက္ခိုင်နှင့် မွတ်ဆလင် နှစ်ဖက်ပဋိပက္ခများ ဖြစ်ပေါ်စေရန်အတွက် ဖြေရှင်းရန် ခက်ခဲသည့် နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး ပုစ္ဆာများကိုလည်း အိမ်စာအဖြစ် ပေးထားခဲ့ကြသည်။

တပ်မှူးချုပ် ထွန်းမြတ်နိုင်သည် အာရက္ခပြည်တွင် ULA/AA စစ်ရေးနှင့် နိုင်ငံရေး အောင်မြင်မှု ရရှိလာသည့်အခါ ထို ခက်ခဲနက်နဲသည့် လူမျိုးရေး၊ ဘာသာရေး ပုစ္ဆာများကို အဖြေရှာ တွက်ချက်လာရသည်။ ခက်ခဲနက်နဲသည်ဆိုသည့် ပြဿနာ ကြီးငယ်များကိုလည်း တပ်မှူးချုပ်သည် အလွယ်တကူပင် အဖြေရှာ တွက်ချက်နိုင်သည်ဟု ပြောဆိုရပါလိမ့်မည်။ တပ်မှူးချုပ်တွင် ကိုယ်ချင်းစာတရားနှင့် မျှဝေခံစားတတ်သည့် နှလုံးသားရှိသလို ပြတ်သားသည့် ခံယူချက်လည်း ရှိသည်။ တရားရှိသလို ဓားရှိသူလည်း ဖြစ်သည်။ မည်သည့်ကဏ္ဍ၊ မည်သည့်အရေးတွင်မဆို Red Line ကို သတ်မှတ်ထားရှိသူလည်း ဖြစ်သည်။

တပ်မှူးချုပ်၏ ခံယူချက်သည် လူမျိုးတမျိုးကို လူမျိုးတမျိုးက မတရား ဂုတ်သွေးစုပ် ဖိနှိပ် အုပ်ချုပ်ခြင်းမျိုး မဟုတ်ဘဲ လူသားချင်း စာနာစိတ်ဖြင့် သာတူညီမျှမှု ရရှိရေး ဖြစ်သည်။ အပြောထက် လက်တွေ့ကျကျ ပုံဖော်တတ်သူလည်း ဖြစ်သည်။ ကမ္ဘာတွင် အာရက္ခ ပြည်သူလူထုတိုင်းသည် လူ့ဂုဏ်သိက္ခာရှိရှိနဲ့ လူမှန်၊ နေရာမှန် နေထိုင်နိုင်ရေးဆိုသည်မှာ တပ်မှူးချုပ်၏ လက်စွဲဆောင်ပုဒ်တခုဟုပင် ပြောဆိုနိုင်ပေသည်။ ULA/AA သည် ရက္ခိုင်လူမျိုး၊ ဗုဒ္ဓဘာသာတခုတည်းအတွက် မဟုတ်ဘဲ အာရက္ခပြည်အတွင်း နေထိုင်ကြသည့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံအတွက် ဖြစ်ပေါ်လာခြင်းဟု ပွင့်လင်းစွာ ပြောဆိုထားသည်။ ပြောဆိုသည့်အတိုင်းလည်း လက်တွေ့ကျကျ ပုံဖော်ထားသည်။ သို့သော် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်မဆို အချောင်လို အချောင်စားနေထိုင်ခွင့် မရရှိဘဲ အခွင့်အရေးနှင့် တာဝန်ကိုလည်း ယှဉ်တွဲ ပြဆိုထားသည်။ အခွင့်အရေးကို လိုလားသူတိုင်းသည် တာဝန်ကိုလည်း ထမ်းဆောင်ကြရမည်ဟု ပြတ်သားစွာ ပြောဆိုထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌက အာရက္ခပြည်အတွင်းရှိ ဘာသာရေးခေါင်းဆောင်များသို့ ပြောကြားချက်-

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အာရက္ခတပ်တော်၏ တပ်မှူးချုပ် ထွန်းမြတ်နိုင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့တွင် အာရက္ခပြည် အတွင်းရှိ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံမှုတရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ တွေ့ဆုံမှုတွင် တပ်မှူးချုပ်က “ အာရက္ခပြည် အတွင်းရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံကို ခွဲခြား ဆက်ဆံမှုမရှိဘဲ တသွေးတသားတည်း ထားရှိပါကြောင်း၊ လိုအပ်ချက်အရ အစ္စလာမ်ဘာသာဝင်၊ မွတ်ဆလင်လူမျိုးနှင့် ဦးစွာ တွေ့ဆုံလိုက်ရပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍လည်း ယခု တက်ရောက်လာကြသည့် ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ နားလည်ပေးရန် လိုအပ်ပါကြောင်း၊ ကျနော်တို့ တိုက်ပွဲဝင်ရခြင်းသည် ရက္ခိုင်လူမျိုး တမျိုးတည်း လွတ်မြောက်ရန်အတွက် မဟုတ်ဘဲ အာရက္ခပြည် အတွင်းရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ လွတ်မြောက်ရန်အတွက် တိုက်ပွဲဝင်ရခြင်း ဖြစ်ပါကြောင်း၊ မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်ဖြစ်ဖြစ် လွတ်လပ်ရေး တိုက်ပွဲအတွက် အကျုံးဝင်ရန် လိုအပ်ပါကြောင်း၊ အားလုံးသူ လွတ်မြောက်အောင် ပါဝင်ကြိုးစားရန် လိုအပ်ပါကြောင်း၊ ကျနော်တို့သည်လည်း အိန္ဒိယ၊ ဟိန္ဒူ၊ ခရစ်ယာန် စသည်တွေနဲ့လည်း ကူးလူး ဆက်ဆံမှု ရှိပါကြောင်း၊ အာရက္ခပြည်ဆိုတာ အရင်က အေးချမ်းခဲ့တယ်၊ တိုးတက်ခဲ့တဲ့ တိုင်းပြည် ဖြစ်ခဲ့ပါကြောင်း၊ အတိတ်က အေးချမ်းမှု၊ တိုးတက်မှုတွေနဲ့ ညီညွတ်မှုတွေ ပြန်ဖြစ်လာအောင် ယခုအချိန်မှာ အားလုံးသူ ပါဝင် ကြိုးစားကြရမည် ဖြစ်ပါကြောင်း၊ ကျနော်တို့ ကလေးဘဝကဆိုရင် အုပ်ချုပ်သူ ဗမာအစိုးရတွေဟာ ချင်းလူမျိုးစုတွေကို ခွဲခြားဆက်ဆံမှုတချို့ ရှိခဲ့ပါကြောင်း၊ အကျိုးဆက်အနေဖြင့် လုပ်ငန်းစဉ်တွေမှာ အဆင်မပြေမှုတွေ ဖြစ်ခဲ့ရပါကြောင်း၊ သို့သော်လည်း ဟိန္ဒူနဲ့ ခရစ်ယာန်တွေကြားမှာ မရှိသလောက် နည်းပါးခဲ့ပါကြောင်း၊ ပြဿနာတွေကို သဘောထားကြီးကြီးနဲ့ ကိုင်တွယ်ဖြေရှင်းကြရမှာ ဖြစ်သလို အရှိတရားကိုလည်း အရှိတရားအတိုင်း ချပြကြရမည်၊ လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ မမှန်မကန်သည့် အမည်နာမတွေနဲ့လုပ်ဆောင်ချက်တွေကိုလည်း မြင်တတ်ကြရန် လိုအပ်ပါကြောင်း၊ ရက္ခိတလမ်းစဉ်ထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံလည်း အကျုံးဝင်ပါကြောင်း၊ ကိုးကွယ်မှု ဘာသာတရား ကွဲပြားမှုကြောင့် စစ်ဦးစီးချုပ် မဖြစ်ရ၊ သမ္မတ မဖြစ်ရ၊ ဆေးကျောင်း မတက်ရ ဆိုတာမျိုး မဖြစ်စေရ၊ ကမ္ဘာ့အလယ်မှာ လူဖြစ်ကျိုးနပ်အောင် လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ မြေပြင်မှာ နိုင်ငံရေးမှူးတွေပြောကြ ဆိုကြတာတွေ ရှိရင်လည်း ကျနော်ကိုယ်တိုင်က တွေ့ချင်၊ ပြောချင်လို့ ယခုလို တကူးတကာ့ ဖိတ်ခေါ် ပြောကြားရခြင်း ဖြစ်ပါကြောင်း၊ မြေပြင်မှာ တရားဥပဒေကို ဖော်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း အဂတိတရား ကင်းရှင်းစွာ ကိုင်တွယ် လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားတိုင်းအတွက် အခွင့်အရေးနဲ့ တာဝန်ဆိုတာ ရှိပါကြောင်း၊ လက်ရှိအချိန်ဟာ တော်လှန်ရေး ကာလဖြစ်တဲ့အတွက် အခွင့်အရေးကို ခံစားခွင့် ရရှိလာရေးအတွက် တာဝန်တွေကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ အားလုံး ဝိုင်းဝန်းလက်တွဲပြီး အာရက္ခပြည်ကို တည်ဆောက်သွားကြရန် လိုအပ်ပါကြောင်း” အစရှိသဖြင့် ပြောကြားခဲ့ပါသည်။ ဥက္ကဋ္ဌကြီးသည် သူ ပြောလိုသည်များကို ပြောကြားပြီးသည့်အခါ တက်ရောက်လာကြသည့် ဘာသာရေးခေါင်းဆောင်များကိုလည်း ဆွေးနွေးတင်ပြရန် အလှည့်ပေးလိုက်သည်။ တက်ရောက်လာကြသည့် ဘာသာရေးခေါင်းဆောာင်တချို့ကလည်း ဥက္ကဋ္ဌကြီးကို တလေးတစားဖြင့် အပြုသဘောဆောင်ကာ ဆွေးနွေး တင်ပြ ပြောဆိုခဲ့ကြသည်။

ဘာသာရေးခေါင်းဆောင်များ၏ ပြောဆိုချက်များ-

အဖွဲ့ချုပ် ဥက္ကဋ္ဌကြီးစကားကို ကြားရလို့ အားလုံးကိုယ်စား ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါတယ်။ တက်ရောက်လာကြတဲ့ ဘာသာရေး ခေါင်းဆောင်တွေလည်း ဝမ်းသာဂုဏ်ယူ ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ “ အားလုံးသူ လက်တွဲပြီးတော့ တည်ဆောက်သွားကြမယ်” ဆိုတဲ့ ဖိတ်ခေါ်စကားကို ကြားရလို့လည်း ဝမ်းသာမိပါတယ်။ အခုဆိုရင် အယင်ကထက် အနာဂတ် အခွင့်အလမ်းတွေ ပွင့်လင်းလာတာတွေကို တွေ့မြင်ရပါတယ်။ အောင်မြင်မှု ရောင်နီတွေကိုလည်း မြင်တွေ့နေရပါတယ်” စသဖြင့် မင်းပြားခရိုင်၊ သင်းအုပ်ဆရာ ဒေါ်စီစီက ပြောဆိုခဲ့ပါသည်။

မြောက်ဦးခရိုင်၊ ဧဝံဂေလိ သင်းအုပ်ဆရာတဦးကလည်း “ အယင်ကထက် ကျနော်တို့ မျှော်လင့်ချက်တွေ ရရှိလာပါတယ်။ “ ကြားရတာထက် မြင်ရတာက ပိုကောင်းတယ်” ဆိုသလို ဘုရားရှိခိုးကျောင်းတွေ တည်ဆောက်ပေးတာတွေကို တွေ့မြင်လာရပါတယ်။ အာရက္ခပြည် တည်ဆောက်ရေးမှာ ကျနော်တို့ခရစ်ယာန်တွေလည်း ပူးပေါင်း ပါဝင်ကြပါတယ်။ အာရက္ခပြည်မှာ ကျနော်တို့လည်း နေထိုင်ကြတဲ့အတွက် ကျနော်တို့နဲ့လည်း သက်ဆိုင်တယ်ဆိုပြီးတော့ မြေပြင်မှာ ပြောဆို စည်းရုံးတာတွေ ရှိပါတယ်။ အများစုကလည်း ပူးပေါင်း ပါဝင်ကြပါတယ်” ဟု တင်ပြ ပြောဆိုခဲ့ပါသည်။

မြောက်ဦးခရိုင်၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးလှမောင်သိန်းကလည်း “ အရင်တုန်းကဆိုရင် ဗမာအစိုးရ (စစ်ကောင်စီ) အုပ်ချုပ်ခဲ့တဲ့အခါ မမြင်ခဲ့ရ၊ မကြားခဲ့ရတဲ့ အခွင့်အရေးတွေကို ယနေ့အချိန်မှာ ကြားရ၊ မြင်ရ နေပါတယ်။ အခု သွားလာနေကြတာတွေကလည်း အမြင့်ဆုံး တနေရာကို ရောက်နေသလို ခံစားရပါတယ်” ဆိုပြီး ပြောဆိုခဲ့သည်။ ပလက်ဝခရိုင်၊ ခရစ်ယာန်အသင်း ခေါင်းဆောင်တဦးကလည်း “ ကျနော်တို့ ပလက်ဝခရိုင်မှာ ခူမီးလူမျိုး အများစု နေထိုင်ကြပါတယ်။ ခရစ်ယာန်အသင်းအဖွဲ့တွေ များပါတယ်။ အသင်းအဖွဲ့ မတူကွဲပြားမှုတွေလည်း ရှိကြပါတယ်။ သို့သော်လည်း ယခု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်ထက်မှာ မတူကွဲပြားတဲ့ ဘာသာတရားတွေဟာ အယင်ကထက် လွတ်လပ်မှုတွေ ရှိလာပါတယ်။ အာရက္ခပြည် ပြန်လည်တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့အတွက် ပြောဆိုစည်းရုံးတဲ့အခါ အများစုက ပါဝင်ကြပါတယ်။ အသိပညာ အားနည်းတဲ့ လူတချို့ကိုသာ ပြောဆိုရခက်ခဲတာမျိုးတွေ ရှိပါတယ်။ အရေးပေါ် စစ်မှုထမ်းဥပဒေမှာ သာသနာ့ဝန်ထမ်းတွေကို ကင်းလွတ်ခွင့် ပေးထားတာကိုလည်း ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောဆိုခဲ့သည်။

ကျောက်ဖြူခရိုင်၊ သင်းအုပ်ဆရာ ဦးလက္ခဏကလည်း “ စစ်ကောင်စီ အုပ်ချုပ်တဲ့အခါ ဘာသာရေး ရှုပ်ထွေးမှုတွေ ရှိခဲ့ပါတယ်။ ယခုအချိန်မှာတော့ ရှုပ်ထွေးမှုတွေကို မတွေ့ရှိရတော့ပါ။ အယင်ကထက်လည်း ဘာသာရေးဆိုင်ရာတွေ လွတ်လပ်ခွင့် ရှိလာပါတယ်” ဟု ပြောဆိုခဲ့သည်။ ခရစ်ယာန်ဓမ္မဆရာတဦးဖြစ်သူ ဆလိုင်းဦးထွန်းဘကလည်း “ ဥက္ကဋ္ဌကြီးရဲ့ အားလုံးတန်းတူ ပူးပေါင်းထူထောင်ကြမယ်ဆိုလို့  ကျနော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ကျနော်တို့ ဘုရားရှိခိုးတဲ့အခါ ဆူညံတယ်ဆိုပြီး ပြောဆိုတာတခုတော့ ရှိခဲ့ပါတယ်။ တခြား ခွဲခြားဆက်ဆံမှုတွေကတော့ မရှိပါ။ ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောဆိုပြီး ဘာသာရေးခေါင်းဆောင်တွေဟာ သူတို့၏ အမြင်များကို အသီးသီး ရှင်းလင်း တင်ပြ ပြောဆိုခဲ့ကြသည်။

တက်ရောက်လာကြသည့် ဘာသာခေါင်းဆောင်များက အသီးသီး တင်ပြ ပြောဆို ဆွေးနွေးပြီးသည့်အခါ အဖွဲ့ချုပ်ဥက္ကဋ္ဌက “ အာရက္ခနိုင်ငံတော် လွတ်မြောက်ဖို့အတွက် ခြွင်းချက်မရှိ ယုံကြည်ပြီးသား ဖြစ်တယ်။ ဒီ ယုံကြည်မှုတွေကို တလှမ်းချင်းစီ၊ တခုချင်းစီ အကောင်အထည် ဖော်ဆောင်လာကြတဲ့အခါ ကျနော်တို့တွေထဲမှာလည်း ပြဿနာတွေတော့ ရှိနိုင်ပါတယ်။ ပြဿနာတွေကိုလည်း ခွဲခြားပြီး မြင်တတ်ကြဖို့ လိုပါလိမ့်မယ်။ ကျနော်တို့မှာက ခွဲခြားဆက်ဆံမှုတွေ မရှိရဆိုပြီး မူဝါဒမှာ ထားရှိပါတယ်။ ဒါပေမယ့်လည်း  မြေပြင်မှာ ရှိနေတဲ့အခါ မူဝါဒမှာ မရှိဆိုပြီးတော့ မျက်ကွယ်ပြုထားလို့လည်း မရပါ။ ခရစ်ယာန်တွေမှာဆိုလည်း အသင်းအဖွဲ့အစည်းတွေ များကြတဲ့အတွက်ကြောင့် မသင့်မြတ်မှုတွေ ရှိကြပါလိမ့်မယ်။ ဗုဒ္ဓဘာသာဝင်တွေမှာဆိုရင်လည်း ဂိုဏ်းဂဏတွေ မတူလို့ တရွာတည်းမှာတောင်မှ ကျောင်းကွဲတွေ ရှိကြပါတယ်။ လူမျိုးမတူလို့ ဘာသာမတူတာလား၊ လူမျိုးတူပြီးတော့ ဘာသာမတူတာလား ဆိုတာလည်း သုံးသပ်ကြရပါလိမ့်မယ်။ ပြဿနာတရပ် ဖြစ်လာပြီဆိုရင်လည်း မူကြောင့် ဖြစ်တာလား၊ လူကြောင့် ဖြစ်ရတာလား ဆိုတာကိုလည်း ကျနော်တို့အနေနဲ့ သေချာ သုံးသပ်ကြရပါလိမ့်မယ်။ နောက်နောင် တခြားသော သာသနာပြု အသင်းအဖွဲ့အစည်းတွေ ဝင်လာမယ်ဆိုရင်တောင်မှ ရှိထားပြီးဖြစ်တဲ့ အသင်းအဖွဲ့အစည်းတွေနဲ့ ရှုပ်ထွေးမှုတွေ မဖြစ်ရအောင် စစ်ဆေးမှုတွေ လိုအပ်ပါလိမ့်မယ်။ ကျနော်တို့ အားလုံးသူ ယုံကြည်မှုတွေကို တည်ဆောက်သွားကြပါမယ် နော့်” ဆိုပြီးလည်း အဖွဲ့ချုပ် ဥက္ကဋ္ဌက ထပ်မံ၍ တိုက်တွန်းရှင်းပြ ဆွဲခေါ် ပြောဆိုခဲ့သည်။

ရဟန်းပုဂ္ဂိုလ်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်သော်လည်းကောင်း ရပ်ထဲ၊ ရွာထဲတွင် အလှူခံမည်ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံက ခွင့်ပြုချက်ကို ယူရလေ့ရှိသည်။ သက်ဆိုင်ရာက ခွင့်ပြုချက် မရပါက အလှူခံခွင့် မရှိပါ။ အလှူခံများထဲတွင် တချို့ဆိုပါက အယောင်ဆောင်များလည်း ပါလာတတ်ကြသည်။ ယင်းကြောင့် သက်ဆိုင်ရာက သေချာစစ်ဆေးပြီးမှ ရပ်ထဲ၊ ရွာထဲတွင် အလှူခံရန် ခွင့်ပြုသင့်က ခွင့်ပြုပေးသည်။ တားမြစ်သင့်ပါကလည်း တားမြစ်ရသည်။ NGOs, INGOs များကို ကာဗာယူကာ အယောင်ဆောင်၍လည်း ပြည်တွင်းထဲသို့ ဝင်ရောက်လာနိုင်သည်။ ဝင်ရောက်ပြီးမှ သူတို့ လုပ်ငန်းစဉ်များကို မသာမာသည့် နည်းလမ်းများဖြင့် လုပ်ဆောင်လာနိုင်သည့် သဘော ရှိသည်။ ထိုသို့ မဖြစ်စေရန် ကြိုတင် ကာကွယ်သောအားဖြင့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို သက်ဆိုင်ရာက သေချာ စစ်ဆေးရမည်မှာလည်း တိုင်းပြည်၏ လိုအပ်ချက် တခုပင် ဖြစ်သည်။

အာရက္ခပြည်အတွင်း မွတ်ဆလင်လူမျိုးများ အခွင့်အရေးများကို ရရှိလာခြင်း-

အာရက္ခပြည်ကို ဗမာအစိုးရ အဆက်ဆက် အုပ်ချုပ်ခဲ့စဉ်တွင် မွတ်ဆလင်လူမျိုးများကို ချိုးနှိမ်စွာ ဆက်ဆံမှုနှင့်အတူ အခွင့်အလမ်းများကိုလည်း တားမြစ်ပိတ်ပင်ထားခဲ့သည်။ ရက္ခိုင်လူမျိုးနှင့်လည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွါးစေရန် ပညာသားပါပါ လုပ်ဆောင်ခဲ့သည်မျိုးလည်း ရှိခဲ့သည်။ ULA/AA လက်ထက်မှာ မွတ်ဆလင်လူမျိုးများသည် စစ်ရေး၊ နိုင်ငံရေးနှင့် စီးပွါးရေးများတွင်လည်း လွတ်လပ်စွာ ပူးပေါင်း ပါဝင်နေကြရသည်။ လွတ်လပ်စွာ သွားလာနေကြရသည်။ ပညာရေးကို ဆိုပါကလည်း တခြားလူမျိုးများနည်းတူ လွတ်လပ်စွာ သင်ယူ ဆည်းပူးခွင့် ရရှိနေကြပြီး ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ မောင်တောမြို့နယ်၊ ဒု- မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ မူလဆင်လူမျိုး ဦးမောင်မောင်အေးက “ ကျနော်တို့ဟာ အယင်က စစ်ကောင်စီ (ဗမာအစိုးရ) အုပ်ချုပ်ခဲ့တာနဲ့ ယခု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အုပ်ချုပ်နေတာနဲ့ဆိုရင် မိုးနဲ့မြေလောက် ကွာခြားပါတယ်။ ခွဲခြားဆက်ဆံတာတွေ မရှိပါ။ ကျနော်ကိုယ်တိုင်က မွတ်ဆလင်လူမျိုးဖြစ်ပြီး ဒု-မြို့နယ်မှူးတယောက် ဖြစ်နေပါတယ်။ ဗမာအစိုးရ (စစ်ကောင်စီ) အုပ်ချုပ်ခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါတယ်။ နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်ခဲ့တဲ့ ကာလမှာ ကျနော်တို့ အဖိုး၊ အဖေတွေရဲ့ ပြောဆိုခဲ့တာတွေကို ကြားခဲ့ရပါတယ်။ ကျနော်တို့ မွတ်ဆလင်တွေ ဘယ်လိုမျိုး ခံစားခဲ့ရလဲဆိုတာတွေကိုပေါ့။ အကြိမ်ကြိမ် ထွက်ပြေးခဲ့ကြရတယ်။ ကျနော်တို့ ပိုင်ဆိုင်မှုတွေကိုလည်း အသိမ်းခံရတယ်။ ကျနော်တို့ အခွင့်အရေးတွေလည်း ဆုံးရှုံး ခံခဲ့ကြရတယ်။ ပညာသင်ခွင့် မရှိ၊ လွတ်လပ်စွာ သွားလာခွင့် မရှိ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် မရရှိခဲ့။ စသဖြင့် အကျပ်အတည်းပေါင်းမျိုးစုံကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ပြောပြဖို့ စကားလုံးတွေ မရှိသလောက်အောင် ရက်စက်ခဲ့ကြပါတယ်။ အဲ့ဒီက ကျနော်တို့ ရုန်းထွက်ပြီးတော့ အာရက္ခပြည်မှာ အာရက္ခအစိုးရက လုပ်ဆောင်နေတာတွေက အားရစရာ ဖြစ်တယ်။ ကျနော်တို့ကိုယ်တိုင် တိုင်းပြည်တည်ဆောက်တာမှာ ပါဝင်ခွင့် ရရှိနေကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကဆိုရင်လည်း ဝန်ထမ်းအဖြစ်တောင်မှ မခန့်ခဲ့ကြပါ။ အခုဆိုရင် ကျနော်တို့ အာရက္ခအစိုးရမှာ မြို့နယ်အဆင့်တွေတောင် ရှိပါတယ်၊ တိုက်နယ်အဆင့်တွေတောင် ရှိပါတယ်။ ကျနော်တို့ သက်ဆိုင်ရာဌာနတွေမှာ ဝင်ပြီး လုပ်ကြတာတွေ အဆင့်ဆင့် ရှိကြပါတယ်။ စစ်ကောင်စီမှာ အဲ့လိုမျိုး လုပ်ခဲ့တာ ဘယ်မှာ ရှိခဲ့လဲ။ အခု ကျနော်တို့ ULA/AA အစိုးရကဆိုရင် လက်နက်ကိုင်ခွင့်ပါ၊ အုပ်ချုပ်ခွင့်ပါ၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် ဆင့်ကဲ ဆင့်ကဲ တာဝန်တွေ ပေးထားတာမျိုး ရှိပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့က တချိန်မှာ မျှော်လင့်တောင်းတခဲ့တဲ့ အခွင့်အရေးတွေကို ULA/AA အစိုးရက ခွဲခြားဆက်ဆံမှုမရှိဘဲ ပူးပေါင်းပါဝင်သူ မှန်သမျှကို တိုင်းပြည်တည်ဆောက်ရေးမှာ အခွင့်အရေးတွေ ပေးထားတာ ဖြစ်ပါတယ်” ဆိုပြီး သမိုင်းနှင့်ချီသည့် ဖြစ်ရပ်မှန် ခံစားချက်များကို ထုတ်ဖော် ပြောဆိုထားသည်။

ပညာရေးနှင့် ပတ်သက်၍လည်း မောင်တောခရိုင် မွတ်ဆလင် အုပ်ချုပ်ရေး အကြံပေး ဂျူရီလူကြီး ဘာဆဲရ်က “ ကျနော်တို့က ပညာရေးပိုင်းမှာဆိုရင်လည်း စစ်ကောင်စီ လက်ထက်ခါက အနှိမ် ခံခဲ့ရပါတယ်။ ဆရာဝန် အမှတ်၊ အင်ဂျင်နီယာ အမှတ် မှီရင်လည်း သွားသင်ခွင့် မရရှိခဲ့ကြ။ နိုင်ငံသား မဟုတ်ဆိုပြီး ကန့်သတ် ထားခဲ့ကြပါတယ်။ ပညာရေးမှာ အရမ်း ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ အခုဆိုရင် ကျနော်တို့ မျှော်လင့်ချက်တွေ အများကြီး ရရှိနေပါတယ်။ ဒီဒေသမှာ အယင်ခါလိုမျိုး လူမျိုးရေး ခွဲခြားမှုတွေ ဖြစ်လာမယ်လို့ မမျှော်လင့်တော့ပါ” ဆိုပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်နေ့တွင် DMG သတင်းဌာနသို့ ပြောဆိုခဲ့သည်။

“ဒီဖက်မှာလည်း ထောက်ခံစာ တရွက်ရရင် ရက္ခိုင်တပြည်လုံး သွားလို့ရတယ်၊ ယုံကြည်မှုလည်း အယင်ကထက်တောင် ပိုပြီး ရရှိလာတယ်လို့ ပြောဆိုနိုင်ပါတယ်” ဆိုပြီး မြေပုံမြို့ တောင်တန်းမွတ်ဆလင်ဒုက္ခသည်စခန်းမှ ဦးတင်အောင်က လွတ်လပ်စွာ ခရီးသွားလာခွင့်နှင့် ပတ်သက်၍ ပြောဆိုခဲ့သည်။

ထိုနည်းတူစွာ စီးပွါးရေးကဏ္ဍတွင် ဆိုပါကလည်း ULA/AA က ပြုလုပ်သည့် စီးပွါးရေးဆိုင်ရာလေလံဆွဲပွဲများတွင် မွတ်ဆလင်လူမျိုးများ ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိနေကြသည်။ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍လည်း “ မောင်တောခရိုင်ကို ULA/AA အုပ်ချုပ်လာပြီးနောက် ဒေသတွင်း အခြေအနေများ သိသိသာသာ တည်ငြိမ် အေးချမ်းလာတာကို တွေ့မြင်လာရပြီးတော့ ဒေသခံ မွတ်ဆလင်တွေလည်း ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ခရီးသွားလာရေး ကိစ္စများတွင် တိုးတက် ကောင်းမွန်လာကြောင်းကိုလည်း မွတ်ဆလင်ရေးရာကောင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့မဂျာမေ့ဗလီကြီးကို ဖွင့်ပေးခြင်း (သို့) လူမှုသဟဇာတ တံခါးကြီးကို ဖွင့်လှစ်ပေးခြင်း-

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ အာရက္ခတပ်တော် (AA) ၏ စစ်ဦးစီးချုပ်လည်းဖြစ်သူ တပ်မှူးချုပ် ထွန်းမြတ်နိုင်သည် မွတ်ဆလင်အသိုင်းအဝိုင်းများနှင့် တွေ့ဆုံခြင်း အခမ်းအနားတရပ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မောင်တောမြို့ရှိ၊  ဗမာအစိုးရက နှစ်ပေါင်းများစွာ တားမြစ် ပိတ်ပင်ထားခဲ့သည့် မြို့မဂျာမေ့ဗလီကြီးကို ပြန်လည်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ ယင်းသို့ တောင်းဆိုမှုကြောင့် တပ်မှူးချုပ် ထွန်းမြတ်နိုင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့တွင် မောင်တောမြို့ရှိ၊ မြို့မဂျာမေ့ဗလီကြီးကို ULA/AA က အခမ်းအနားဖြင့် ဖွင့်လှစ်ပေးလိုက်သည်။ အဆိုပါ ဗလီကြီးကို သမ္မတ သိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့က အဓိကရုဏ်းကြောင့်ဆိုပြီး တားမြစ်ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။

(၁၃) နှစ်ကျော်ကြာ ပိတ်ပင် ခံထားရသည်ကို ULA/AA က အစိုးရ ဖြစ်လာသည့်အခါ ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။ ဗလီကြီးကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ခြင်းသည် ရက္ခိုင်နှင့် မွတ်ဆလင် ခိုင်မာသည့် လူမှုသဟဇာတ တံခါးကြီးကို ဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။ မွတ်ဆလင်လူကြီးများ ပါဝင်သည့် ဂျူရီအဖွဲ့၊ ဗလီဂေါပကအဖွဲ့များက ဦးစီးပြီး ဗလီကြီး ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကာ အစ္စလာမ်ဘာသာဝင်များအပြင် ဒေသခံ အုပ်ချုပ်ရေးအရာရှိများ၊ ဒေသခံဗုဒ္ဓဘာသာဝင် ရက္ခိုင်လူမျိုးများ၊ ဟိန္ဒူဘာသာဝင်များလည်း တက်ရောက် အားပေးခဲ့ကြသည်။

“ ဒါက သမိုင်းဝင် နေ့ရက်တွေပါ၊ ကျနော်တို့က ကျနော်တို့ အာရက္ခတိုင်းပြည်မှာ နေထိုင်ကြတဲ့ လူမျိုးတိုင်း၊ ဘာသာဝင်တိုင်းကို အာရက္ခနိုင်ငံသားတွေအဖြစ် သတ်မှတ်ပါတယ်။ အစ္စလာမ်ဘာသာ တခုတည်းမဟုတ်၊ တခြား ဟိန္ဒူဘာသာဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ အားလုံးသည် လွတ်လွတ်လပ်လပ် တခုနဲ့တခု အေးအတူ ပူအမျှ ကူးလူးဆက်ဆံပြီးတော့ အခုလို မင်္ဂလာရှိတဲ့ အခမ်းအနားတွေကို နောက်ထပ်လည်း တက်ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်” ဆိုပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းရွှေက ဗလီဖွင့်ပွဲ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 မောင်တောခရိုင်၊ အုပ်ချုပ်ရေး အကြံပေးအဖွဲ့ (ဂျူရီ) ခေါင်းဆောင် ဦးဘာဆဲရ်ကလည်း “ ဘာသာပေါင်းစုံ တက်ရောက်ကြသည့် မြို့မဂျာမေဗလီကြီး ဖွင့်ပွဲ အခမ်းအနားသည် မောင်တောမြို့ သမိုင်းတလျှောက် သမိုင်းဝင် အခမ်းအနားတခုဖြစ်ပြီး ရှေ့ဆက် တိုင်းပြည်တည်ဆောက်ရေးမှာ “အရေးကြီးသော လမ်းသစ်တခု” လည်းဖြစ်ကြောင်း ဗလီဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာလည်း လွတ်မြောက်နယ်မြေတခုတွင် အစ္စလာမ်ဘာသာ၏ ဘာသာရေးဆိုင်ရာ ဘွဲ့လက်မှတ်များ ပေးအပ်ခြင်းနှင့် ဆုပေးပွဲတရပ်ကို စည်ကားသိုက်မြိုက်စွာ ပြုလုပ် ကျင်းပခဲ့သည်။ “ ဂျာမေ အေ အာရဗီယက် အာလီယက် ဒါရူလ်အုလူးမ်အာရဗီတက္ကသိုလ်” ၏ နှစ်ပတ်လည်အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ “ ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အာရက္ခဒေသအတွင်း မတူကွဲပြားတဲ့လူမျိုး၊ ဘာသာတွေအကြား လူမှုသဟဇာတဖြစ်ရေး၊ တရားမျှတရေး ကိစ္စတွေကို ဆက်တိုက် ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်တယ်။ ဒါတွေက ကျနော်တို့ လုပ်ဆောင်နေတဲ့ Nation Building process ၏ အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်” ဆိုပြီး ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ရိုဟင်ဂျာ အမည်ခံများ၏ အကြမ်းဖက် လုပ်ဆောင်ချက်များ-

အာရက္ခပြည်အတွင်းရှိ မွတ်ဆလင်လူမျိုးများသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လိုသူများ ဖြစ်ကြသည်။ အာရက္ခပြည်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဖွဲ့စည်း၊ အုပ်ချုပ်လာသည်နှင့်အမျှ ဒေသခံ မွတ်ဆလင်များသည်လည်း ကဏ္ဍပေါင်းစုံတွင် ရသင့် ရထိုက်သည့် အခွင့်အရေးများကို ရရှိလာနေကြပြီး ဖြစ်သည်။ ယင်းကြောင့်လည်း ဒေသခံ မွတ်ဆလင်များသည် အာရက္ခပြည်အတွင်း နေထိုင်ရသည်ကို ဂုဏ်ယူလာကြသည်။ သို့သော်လည်း ဒေသခံများ မဟုတ်သည့် ပြည်ပက ဘင်္ဂလီတချို့သည် ရိုဟင်ဂျာလူမျိုး အမည်ခံကာ အကြမ်းနည်း အပါအဝင် အနုနည်းဖြင့်လည်း ထိုးနှက် တိုက်ခိုက်နေကြသည်။

ဒေသတွင်းရှိ မွတ်ဆလင်လူမျိုးကိုလည်း ရက္ခိုင်လူမျိုးနှင့် ပြဿနာ ပဋိပက္ခဖြစ်အောင် ဖန်တီးလျက် ရှိနေကြသည်။ ရိုဟင်ဂျာလူမျိုး အမည်ခံများသည် Arakan Rohingya Salvation Army (ARSA)၊ Arakan Rohingya Army (ARA) နှင့် Rohingya Solidarity Organization (RSO) စသည့် လက်နက်ကိုင် အဖွဲ့အစည်းများကို ဖွဲ့စည်းထားကြသည်။ အဆိုပါ အဖွဲ့အစည်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အခြေစိုက်ကြသည်။ ရက္ခိုင် (ဘူးသီးတောင်၊ မောင်တော) နှင့် ဘင်္ဂလာနယ်စပ်ရှိ တောတောင်များတွင် ခိုးကြောင်ခိုးဝှက် စခန်းချ နေရာယူမှု ရှိကြသည်။ ခြုံခိုကာ ဒေသခံများကို ချောင်းမြောင်း ပစ်ခတ်မှုများ၊ ဖမ်းဆီးခေါ်ယူ သတ်ဖြတ်မှုနှင့် ငွေညှစ်ယူမှုများကို ပြုလုပ်ကြလေ့ ရှိကြသည်။

တခါတရံဆိုပါက အာရက္ခတပ်တော် စခန်းများကိုလည်း ချောင်းမြောင်း ပစ်ခတ်မှုမျိုး ရှိသည်။ အာရက္ခတပ်တော်က တန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ရှုံးကာ မိခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ တောပျောက်သည့် မြေခွေးပမာ ဝင်ပြေးခြင်းလည်း ရှိကြသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၂၂) ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာက မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာသို့ ကုန်ပစ္စည်း ဝယ်ယူပြီး ပြန်လာသည့် ကားတစီးကို မောင်တောမြို့နယ် မြိုယုကျေးရွာအနီးတွင် ARSA အဖွဲ့က ခြုံခို တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီး (၂) ဦး သေဆုံးခဲ့ရပြီး အမျိုးသား (၂) ဦး ဒဏ်ရာ ရရှိခဲ့သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် မောင်တောမြို့နယ်၊ ချရားတန်းရွာက အသက် (၅၄) နှစ်အရွယ် ဦးမဲထွန်းသည် ညသန်ခေါင် ငါးရှာသွားစဉ် အာဆာအကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အောက်တိုဘာ (၂၂) ရက်နေ့ကလည်း မောင်တောမြို့နယ်၊ စေတီပြင်နှင့် ကျောက်ပန္ဒူတောင်ကျော်လမ်းတွင် ခရီးသည်ကားတစီးကို အာဆာအဖွဲ့က တိုက်ခိုက်ခဲ့သောကြောင့် ဒေါ်နိုင်နိုင်ဆွေ (၄၀) နှစ်နှင့် ဒေါ်ဝေဝေစိုး (၃၀) နှစ် အမျိုးသမီးနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ ကားဒရိုင်ဘာနှင့် ကားစပယ်ယာသည် သေနတ်ဒဏ်ရာ ကိုယ်စီဖြင့် ထွက်ပြေး လွတ်မြောက်လာခဲ့ကြသည်။ ထိုနည်းတူစွာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်လည်း မောင်တောမြို့နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆေးကုသရန် သွားရောက်ခဲ့စဉ် အာဆာအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။ အမျိုးသားငါးယောက်က ထွက်ပြေး လွတ်မြောက်ခဲ့သည်။ ဒေါ်စိုးစိုးခိုင် (၃၈) နှစ်၊ ဒေါ်သန္တာစိုး (၃၂) နှင့် ဝေယံလင်း (၉) နှစ်တို့သည် လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသည်။ ဖမ်းဆီးခံထားရသူများသည် မောင်တောမြို့၊ ဝိမလရပ်ကွက်က ဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀၊ ၁၁၊ ၁၂) ရက်နေ့များတွင်လည်း ရက္ခိုင်နှင့် ဘင်္ဂလာနယ်စပ်၊ မောင်တောမြို့၏ မြောက်ဖက် တောင်ပြိုလက်ဝဲ၊ မိုင်တိုင်များနှင့် နံ့သာတောင်ကျေးရွာ အနီးအနားတွင် ရိုဟင်ဂျာအမည်ခံ အကြမ်းဖက် ဘင်္ဂလီ လက်နက်ကိုင် တပ်ဖွဲ့များနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။ အာရက္ခတပ်တော်၏ တပ်စခန်းများကို ချောင်းမြောင်း ပစ်ခတ်လာခဲ့ရာက တိုက်ပွဲများ စတင် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲတွင် ရိုဟင်ဂျာအမည်ခံ အကြမ်းဖက် လက်နက်ကိုင် တပ်ဖွဲ့များဖက်က အကျအရှုံး များပြားခဲ့သည်။ ကျဆုံးသွားသည့် အလောင်းတချို့ကို ထမ်းစင်များဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ သယ်သူသွာကြသည့် ဗွီဒီယိုဖိုင်လ်များ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့ခဲ့သည်ကို တွေ့မြင်လိုက်ရသည်။ တပ်တော်ဖက်ကလည်း ဘင်္ဂလီအကြမ်းဖက်များ ရှိနိုင်သည့် နေရာများကို နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့သည်။ ARSA, ARA, RSO အဖွဲ့အစည်းများသည် အခွင့်အခါရတိုင်း လက်နက်ကိုင်ကာ နယ်မြေရရှိရေးကို အကြမ်းဖက်သည့်နည်းဖြင့် တိုက်ခိုက် နေကြသည်။ တဖက်တွင်လည်း ဒေသခံများကို ဖမ်းဆီးခြင်း၊ လုယက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ငွေညှစ်ယူခြင်းများကို ပြုလုပ်လေ့ ရှိကြသည်။

ရိုဟင်ဂျာအမည်ခံ အကြမ်းဖက် အဖွဲ့အစည်းများကို ဒေသခံ မွတ်ဆလင်များ ကန့်ကွက် ရှုတ်ချခြင်း-

ရိုဟင်ဂျာအမည်ခံ အကြမ်းဖက် အဖွဲ့အစည်းများသည် ဘူးသီးတောင်နှင့် မောင်တောရှိ ဒေသခံ မွတ်ဆလင်များကို ပြောဆို စည်းရုံးမှုများလည်း ပြုလုပ်ခဲ့သည်။ သူတို့၏ စိတ်ရင်းအမှန်ကို မသိ၍ ဒေသခံ မွတ်ဆလင်တချို့ အစပိုင်းတွင် အားပေးမှုနှင့် ပူးပေါင်းပါဝင်မှုများ ရှိခဲ့ဟု ဆိုကြသည်။ သူတို့၏ စိတ်ရင်းအမှန်ကို သိလိုက်ရသည့်အခါ အားမပေးဘဲ ညီညွတ်မှုကို ပျက်ပြားစေသူများအဖြစ် ရှုမြင်ကာ ကန့်ကွက် ရှုတ်ချလာကြသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဘူးသီးတောင်မြို့နယ်၊ ဒု-မြို့နယ်မှူး ဖြစ်သည့်  မွတ်ဆလင်လူမျိုး ဦးမောင်မောင်အေးက “ အစကတော့ အာဆာတွေဟာ ကျနော်တို့အတွက် လုပ်တာထင်ပြီးအားပေးခဲ့ပါသေးတယ်။ နောက်ပိုင်းကျခါမှ ကျနော်တို့ကို အသုံးချပြီး သူတို့တွေ လုပ်စားနေကြတယ် ဆိုတာကို သိလိုက်ရတာပါ” ဆိုပြီး အင်တာဗျူးတခုတွင် ပြောဆိုထားသည်။

တချို့သော ပြည်ပမီဒီယာကလည်း အာရက္ခပြည်အတွင်း ရက္ခိုင်နှင့် မွတ်ဆလင် သဟဇာတကျကျ နေထိုင်မှုကို မျက်ကွယ်ပြုကာ ပဋိပက္ခ ဖြစ်လာအောင် ပုံဖော် ရေးသား တင်ဆက်မှုများလည်း ရှိနေကြသည်။ အထူးသဖြင့် အာဆာ စသည့် အကြမ်းဖက် နယ်မြေလု အဖွဲ့အစည်းများကို အားပေး အားမြှောက် ပြုလုပ်ကာ ဒေသခံ မွတ်ဆလင်များနှင့် ရက္ခိုင်လူမျိုးကြား သွေးခွဲသည့် ရေးသား ဖော်ပြချက်များကို ပြုလုပ်လေ့ ရှိကြသည်။ ထိုကိစ္စနှင့် ပတ်သက်၍လည်း မောင်တောခရိုင်၊ မွတ်ဆလင်ရေးရာကောင်စီက “ ဒေသတွင်း ရက္ခိုင်နဲ့ မွတ်ဆလင်တွေ သဟဇာတရှိရှိနဲ့ နေထိုင်ကြတာတွေအပေါ်မှာ Fortify Right လိုပြည်ပ အဖွဲ့အစည်းတချို့က ဒေသတွင်းမှာ သဟဇာတရှိရှိနဲ့ အေးအေးးချမ်းချမ်း နေထိုင်ကြတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ အသံကို နားထောင် အသိအမှတ် မပြုဘဲ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ မဟုတ်မမှန် ဝါဒဖြန့် သတင်းမှားတွေကို အခြေခံပြီး ဘက်လိုက် ရေးသား ဖော်ပြနေမှုအပေါ်မှာလည်း မောင်တောခရိုင်မွတ်ဆင်ရေးရာ ကောင်စီအနေနဲ့ အထူး စိတ်မကောင်း ဖြစ်ရပါတယ်” လို့ ပြောဆိုထားသည်။

“ သူတို့တွေရဲ့ လုပ်ရပ်တွေဟာ ရက္ခိုင်လူမျိုးတွေနဲ့ မွတ်ဆလင်တွေအကြားမှာ မယုံကြည်မှု၊ သံသယဖြစ်မှု၊ ကြောက်ရွံ့စိုးရိမ်မှု၊ အချင်းချင်း ဆက်ဆံရေးတင်းမာလာမှုတွေ ဖြစ်လာနိုင်ပြီးတော့ တိုးတက်ဖြစ်ပေါ်နေတဲ့ လူမှုသဟဇာတ ဖြစ်မှုနဲ့အတူ ငြိမ်းချမ်းစွာ နေထိုင်ရေးကိစ္စကို ကြီးမားစွာ အဟန့်အတား ဖြစ်စေပါတယ်” ဆိုပြီးလည်း ထုတ်ဖော် ပြောဆိုထားသည်။ “ အပြစ်မရှိ ပြည်သူတွေကို မတရား ဖမ်းဆီး သတ်ဖြတ်နေကြတဲ့ အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA, ARA, RSO အဖွဲ့ တွေနဲ့ အပြုသဘောမဆောင်ဘဲ မီးလောင်ရာ လေပင့်လုပ်ရပ်တွေကို လုပ်ဆောင်နေသည့် Fortify Right လို ပြည်ပအဖွဲ့အစည်းတချို့ကို မောင်တောခရိုင်၊ မွတ်ဆင်ရေးရာကောင်စီအနေနဲ့ ရှုတ်ချကြောင်းကိုလည်း ပြောဆိုထားသည်။ အခုလို အကြမ်းဖက် မွတ်ဆလင် လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ARSA, RSO, ARA အဖွဲ့တွေအနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေ မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက် ဒေသတွင်းမှာ ကောင်းမွန်စွာနဲ့ တည်ငြိမ် အေးချမ်းမှု ရှိလာရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ မောင်တောခရိုင်၊ မွတ်ဆလင်ရေးရာကောင်စီက ဆိုထားသည်။

မောင်တောခရိုင်အတွင်းမှာ အရင် ခေတ်အဆက်ဆက်က အစိုးရတွေ အုပ်ချုပ်မှု ညံ့ဖျင်းခဲ့တာတွေ၊ ဒေသခံအချင်းချင်း သွေးခွဲရန်တိုက် အုပ်ချုပ်ခဲ့တာ၊ မြန်မာစစ်တပ် (စစ်ကောင်စီ) က အကြမ်းဖက် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ARSA၊ RSO နဲ့ ARA အဖွဲ့တွေကို အကြောင်းပြပြီး နှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် မွတ်ဆလင်တွေ အများကြီး အတိဒုက္ခ ရောက်ခဲ့ကြရပါတယ်” လို့လည်း မောင်တောခရိုင် မွတ်ဆလင်ရေးရာကောင်စီက Coastal News Agency သို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်နေ့တွင် ပြောဆိုထားခဲ့သည်။ “ သူတို့ (ARSA/ARA/RSO) က လူထုကို နှိပ်စက်တာတွေ များလာတယ်။ လူတွေကို ဖမ်းတယ်။ လမ်းမှာတွေ့ရင်လည်း ဟိုဟာ ပေးရမယ်၊ ဒီဟာ ပေးရမယ်ဆိုပြီး တောင်းကြတယ်။ အဖွဲ့ဝင်အဖြစ် လူသစ်တွေ ပေးရမယ်ဆိုပြီးတော့ အမျိုးမျိုး နှောင့်ယှက်လို့ သူတို့တွေကို ထောက်ခံတာမျိုး မရှိပါ” ဆိုပြီး မောင်တောမြို့၊ လေးမိုင်ရပ်ကွက်သားတဦးဖြစ်သည့် ကိုနိုရ်မိုဝ်ထော်ဖာဆိုသူက DMG သတင်းဌာနနှင့် အင်တာဗျူးရာတွင် ပြောဆိုထားသည်။

ရိုဟင်ဂျာအရေးကို လှုပ်ရှားနေကြသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို ယေဘုယျအားဖြင့် ကြည့်လိုက်ပါက ပြည်တွင်းရှိ မွတ်ဆလင်လူမျိုးများ မဟုတ်ဘဲ ပြည်ပရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ဖြစ်နေသည်ကို တွေ့ရှိရပါလိမ့်မည်။ ပြည်တွင်းရှိ မွတ်ဆလင်များ အနေဖြင့်လည်း ပါဝင် မပတ်သက်မိရန် လိုအပ်ပါလိမ့်မည်။ ULA/AA သည် တရားရှိသလို ဓားကိုလည်း ကိုင်ဆောင်ထားသည့် အဖွဲ့အစည်း ဖြစ်သည်။ တာဝန်ကို ဆောင်ရွက်သူများအတွက် တရားသဖြင့် အခွင့်အရေးများကိုလည်း ခံစားကြရမည် ဖြစ်သည်။ မတရားသည့် နည်းလမ်းများဖြင့် ကြံစည် လုပ်ဆောင်လာပါကလည်း တရားခံအဖြစ်ဖြင့် ဓားစာခံ ဖြစ်သွားရပါလိမ့်မည်။ ပြည်တွင်းရေးကို ဆူပူအောင် လုပ်ဆောင်သူများ၊ နှစ်ဖက်ပဋိပက္ခ ဖြစ်ပေါ်စေရန် ဖန်တီးသူများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းကို သွေးခွဲသူများနှင့် အဖျက်အဆီး အနှောင့်အယှက်သမားများကို ဘုံရန်သူအဖြစ် ရှုမြင်ပြီး တော်လှန် တိုက်ထုတ်သွားကြရမည် ဖြစ်သည်။

အာရက္ခပြည်အတွင်းရှိ မွတ်ဆလင် အပါအဝင် မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ဟိန္ဒူ စသည့် မတူကွဲပြားသည့် လူမျိုးနှင့် ဘာသာတရားများကိုလည်း ခွဲခြား ဆက်ဆံခြင်း မပြုဘဲ တန်းတူ အခွင့်အရေးများကို ပေးအပ်ထားပြီး ဖြစ်သည်။ မတူညီသည့် အရောင်ကိုယ်စီကို လှပပြီး မြတ်နိုးဖွယ်ရာ သက်တန့်တခုဖြစ်အောင် ဖန်တီးပေးထားခြင်းဟု ပြောဆိုနိုင်၏။ မတူညီသည့် အနားစများကို တူညီသည့် မှန်သားတခုအဖြစ် ဖန်တီးပေးထားခြင်းလည်း ဖြစ်သည်။ မွတ်ဆလင် အပါအဝင် မြို၊ ခမီ၊ သက်၊ ဒိုင်းနက် အစရှိသည့် လူမျိုးများ၏ အိပ်မက်ထဲက ဆန္ဒများကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ပေးထားခြင်းလည်း ဖြစ်သည်။ အာရက္ခပြည်အတွင်း မှီတင်း နေထိုင်ကြသည့် မတူကွဲပြားသော လူမျိုးတိုင်း၊ ဘာသာတိုင်းသည် တွဲလက်ဆက်ကာ အညမည၊ သဟဇာတကျကျ နေထိုင်သွားနိုင်မည်ဆိုပါက သာယာပျော်ရွှင်ပြီး ငြိမ်းချမ်းသည့် တိုင်းပြည်သစ်တခုကို ပိုင်ဆိုင်လာမည်ဟု ရှုမြင်မိပါသည်။

Related posts

သံတွဲကို စကမ ဗုံးလာကြဲ(Breaking News)

Rakhita Times

တရုတ်ကြားဝင်စေ့စပ်မှုအရ တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းမယ်လို့ MNDAA ပြော

Rakhita Times

ရက္ခိုင်ပြည်သို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ချင်းပြည်သူ့တပ်မတော်ကို ဖိတ်ခေါ် တွေ့ဆုံ

Rakhita Times

Leave a Comment