အာရက္ခတိုင်းမ်စ် (၅ ဇွန် ၂၀၂၆)
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက စစ်ကော်မရှင်ရဲ့ အမှတ် – ၃၄၄ အမြောက်တပ်ရဲ့ ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ ဒီ အမှတ် – ၃၄၄ အမြောက်တပ်ရင်းကို သိမ်းပိုက် ရရှိနိုင်ရေးအတွက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပင် စစ်ရှိန်မြှင့် ထိုးစစ်ဆင်တာတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ရေးသတင်းအရင်းအမြစ်ရဲ့ပြောဆိုချက်အရ “ ဒီလ ၁ ရက်နေ့ ညနေမှာ အဲဒီ ကာကင်းစခန်း ၂ ခုကို အပြီး သိမ်းပိုက်ခဲ့တာ ဖြစ်တယ်။ ထိုးစစ်ဆင်တာတော့ကြာနေပြီ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက AA နဲ့ ပူးပေါင်းတပ်တွေက စစ်ရှိန်မြှင့်လိုက်တော့ အပြီး သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါအပြင့် ဒီ ကာကင်းစခန်း သိမ်းပိုက်ရရှိမှုအတွင်းက စစ်ကော်မရှင် တပ်သားတချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိနိုင်ခဲ့သလို လက်နက်ခဲယမ်းတချို့ကို သိမ်း ပိုက်ရရှိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့တဲ့ ကာကင်းစခန်းနေရာကို ပြန်လည်ရယူနိုင်ဖို့ စစ်ကူအနေနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ကာ စစ်ကူပေး တိုက်ခိုက်တာတွေကို လုပ်ဆောင်ပေးနေတယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်က ဆက်လက် ပြောဆိုပါတယ်။
“ တိုက်ပွဲကတော့ အဲဒီ အနားမှာ ဖြစ်နေတုန်းပါ လေကြောင်းက ဆက်တိုက် စစ်ကူပေးနေတယ်။ နှစ်ဖက်လုံးကတော့ ရှေ့လည်း တိုးမရဘူး ဖြစ်ပြီးတော့ တိုက်ပွဲကတော့ တော်တော် ပြင်းထန်နေတယ်” လို့ ဆိုပါတယ်။
လက်တလော တိုက်ပွဲပြင်းထန်နေမှု အခြေအနေအရ နှစ်ဖက် ထိခိုက်မှု ရှိမရှိဆိုတဲ့ အခြေအနေကိုတော့ သိရှိနိုင်ဖို့ ခက်ခဲနေတယ်လို့လည်း အဲဒီ စစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်ထဲက ဂွမြို့နယ်ကို စစ်ကော်မရှင်လက်ထဲကနေ အပြီးသတ် သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲမှာ ရှိနေတဲ့ စစ်ကော်မရှင် တပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့အတွက် ပြည်သူ့တော်လှန်ရေးတပ်တွေဟာ ပူးပေါင်းကာ ဆက်တိုက် စစ်ရေး ဖော်ဆောင်မှုတွေကို လုပ်ဆောင်ခဲ့ပြီးတော့ စစ်ကော်မရှင် တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ဟာ ဧရာဝတီတိုင်းထဲက ကျန်ရှိနေသေးတဲ့ တပ်စခန်းတွေကို လက်မလွှတ်ရရေးအတွက် အတင်းအဓမ္မ စစ်မှုထမ်း စုဆော င်းထားတဲ့ ပြည်သူ့စစ်တွေကို စေလွှတ်ကာ ခုခံ ကာကွယ်ဖို့ လုပ်ဆောင်နေတာတွေ ရှိသလို သူတို့ လက်လွှတ်ထားခဲ့ရပြီးဖြစ်တဲ့ တပ်စခန်းတွေကိုလည်း ပြန် လည် ရယူနိုင်ဖို့ ပြည်သူ့စစ်တွေ အသုံးပြုကာ အသေခံ ထိုးစစ်ဆင်နေမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
