ArticelsLife StylePolitic

အာရက္ခအားမာန် ရဲဘော် ကျော်ဟန် အပိုင်း (၃၇)

ဌေးဝင်း

တော်လှန်ရေးခရီးရဲ့ ခက်ခဲကြမ်းတမ်းမှုကို ကြံ့ကြံ့ခံ အံတုနေကြတဲ့ ခေါင်းဆောင်တွေရဲ့ ရင်တွင်းစကားနဲ့အတူ

DAB ညီလာခံပြီးလို့ အခြားသော အဖွဲ့အစည်းများက ကိုယ်စားလှယ်များ ကိုယ့်နေရာ ကိုယ့်ဒေသသို့ အသီးသီး ပြန်သွားကြပြီ ဖြစ်ပေမဲ့ ငါတို့ကတော့ မပြန်ဖြစ်ကြသေး။ မပြန်နိုင်ကြသေးတဲ့ အဓိက အကြောင်းရင်းကတော့ ငါတို့ AASYC ရဲ့တပ် ANGA အခြေစိုက်ရန် နေရာရရှိရေးအတွက် ရောက်လာတုန်း တခါတည်း ခွင့်ပြုချက်ရအောင် လုပ်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပါ။ တပ်ထောင်ပြီးရင် တပ်နေရာ ချထားရေးက မရှိမဖြစ် အရေးကြီးတယ် မဟုတ်လား။ ဒီကိစ္စနဲ့ ပတ်သက်လို့ ညီလာခံ ပြီးသွားတဲ့အခါ ဗိုလ်ချုပ်မြက ငါတို့ကို ခုလို ပြောတယ်။

“ငါတို့အနေနဲ့ မင်းတို့တောင်းဆိုတာကို ခွင့်ပြုရမှာဘဲ ဖြစ်တယ်။ ခင်ဗျားတို့ လူငယ်တွေလည်း တော်တော် အရေးပါတဲ့ နေရာမှာ ရှိနေတယ်။ အခု ဒီတော့ ငါတို့ KNU နဲ ALP က မဟာမိတ် ဖွဲ့ထားတာ ဖြစ်တဲ့အတွက် ခင်ဗျားတို့ ရက္ခိုင်အချင်းချင်းဆီကလည်း ခွင့်ပြုချက် တောင်းလိုက်ပါ။ အခု ခိုင်စိုးနိုင်အောင်လည်း ရှိနေတယ် ဆိုတော့ တပါတည်း ပြောလိုက်ကြရအောင်”

လို့ ပြောလာတော့ ငါတို့ကလည်း

“ဟုတ်ကဲ့ ကောင်းပါတယ်”

လို့ ပြောလို့ ဗိုလ်ချုပ်မြစကားကို ထောက်ခံ ပြန်ပြောလိုက်တယ်။ ဗိုလ်ချုပ်မြကက ငါတို့ တည်းနေတဲ့အနားက တဲတစ်လုံးရှေ့မှာ ထိုင်နေတဲ့ နိုင်ငံရေးမှူး ခိုင်စိုးနိုင်အောင်ကို ခေါ်ခိုင်းလိုက်တယ်။ ALP နိုင်ငံရေးမှူး ခိုင်စိုးနိုင်အောင် ရောက်လာတဲ့အခါ ငါတို့က

“ကျနော်တို့ AASYC-ANGA တပ် KNU မှာ အခြေချပါမယ်။ ဒီက ဗိုလ်ချုပ်မြတို့ကလည်း လက်ခံခွင့်ပြုရန် သဘောထား ရှိနေပါတယ်။ အဲဒါကို KNU ရဲ့ မဟာမိတ် ရက္ခိုင်အဖွဲ့ဖြစ်တဲ့ ALP အနေနဲ့ ထောက်ခံပေးပါလို့ ပြောချင်ပါတယ်”

လို့ ပြောလိုက်တော့ ခိုင်စိုးနိုင်အောင်က

“ငါတို့ သဘောတူပါတယ်။ ခင်ဗျားတို့ ကြိုးကြိုးစားစား စည်းစည်းလုံးလုံးနဲ့ လုပ်ကြပါ။ ငါတို့ အားလည်း အားပေးတယ်”

လို့ ပြောလိုက်တော့ ငါတို့အတွက် ပို အဆင်ချောသွားတယ်။

ခဏနေတော့ ဗိုလ်ချုပ်မြက

“ကောင်းပြီ။ ခင်ဗျားတို့ တင်ပြတာတွေအတွက် အဆင်ပြေပြီ ဖြစ်တယ်။ ဒါပေမဲ့ ငါတို့ရဲ့ တခြားသော KNU ခေါင်းဆောင်တွေနဲ့လည်း သွားတွေ့ဖို့အတွက် လုပ်ကြရအုံးမယ်”

လို့ ပြောဆိုပြီး ဗိုလ်ချုပ်မြတို့လည်း ငါတို့ တည်းနေတဲ့ တဲထဲကနေ ထွက်သွားလိုက်ကြတယ်။

နေ့လည်ပိုင်းမှာ ဖဒိုမန်းငြိမ်းမောင်က

“ငါတို့ မနက်ဖန် ဒီက ထွက်မယ်။ နောက်ထပ် KNU ခေါင်းဆောင်တွေနဲ့ ဆက်ပြီး တွေ့ရအုံးမှာ ဖြစ်တဲ့အတွက် ပထမဆုံး အတွင်းရေးမှူး ဖဒိုစောဘသင်စိန်ဆီ သွားတွေ့မယ်။ ခင်ဗျားတို့ အဆင်သင့် လုပ်ထားလိုက်ကြ”

လို့ ပြောတော့ ငါတို့လည်း အဆင်သင့် လုပ်ထားလိုက်ကြတယ်။ ခဏအကြာမှာ ငါတို့ဟာ ဖဒိုမန်းငြိမ်းမောင်နဲ့အတူ အတွင်းရေးမှူး စောဘသင်စိန်ဆီကို ထွက်လာခဲ့လိုက်ကြတယ်။ သူ့ဆီကို ရောက်တော့ ဖဒိုစောဘသင်စိန်ဟာ ငါတို့ကို နွေးနွေးထွေးထွေး ကြိုဆိုပြီး ရင်းရင်းနှီးနှီး စကားတွေ ပြောတယ်။ သူက သူ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝက တော်လှန်ရေးသမား မြို့ပေါ်လှုပ်ရှားမှု ဖြတ်သန်းမှုနဲ့ စိန်ခေါ်မှုတွေနဲ့ သူ တောတွင်း လက်နက်ကိုင် လှုပ်ရှားမှုနဲ့ စိန်ခေါ်မှုတွေအကြောင်းကို စိတ်ပါလက်ပါ ပြောပြတယ်။ ပြီးတော့ သူ့အမြင်ကို ခုလို

“ဒီ စိန်ခေါ်မှုတွေကို အကောင်းဆုံး ကြံ့ကြံ့ခံပြီး တော်လှန်လာခဲ့တဲ့ တစ်ဖွဲ့ချင်းစီ လူတမျိုးချင်းစီ စုဖွဲ့ တော်လှန်မှုရဲ့ နှစ် (၅၀) နီးပါးကာလကနေ အတွေ့အကြုံအရ မဟာမိတ်စုဖွဲ့မှုနဲ့သာ အောင်ပွဲခံနိုင်မှာ ဖြစ်တယ်။ အဆုံးအဖြတ် ရလာဒ်အတွက် တပ်ပေါင်းစု စုဖွဲ့မှု အားကောင်းဖို့ သိပ်ကို အရေးကြီးတယ်။ တစ်ဖွဲ့ချင်းစီ အင်အားတောင့်တင်းဖို့အတွက် ကိုယ့်ဒေသမှာ ကိုယ်ပိုင် လွတ်မြောက်နယ်မြေ ထူထောင်နိုင်ဖို့ အရေးကြီးတဲ့အတွက် ငါတို့ NDF ကနေ အခု DAB ကို ဖွဲ့လိုက်ကြတာ ဖြစ်တယ်။ ဒီကြားထဲ NDF အဖွဲ့က အရေးကြီးတဲ့ မဟာမိတ် KIO ဟာ ၁၉၉၄ နဝတနဲ့ အပစ်ရပ်လိုက်တော့ နဝတဟာ KNU ကို ဖိတိုက်ဖို့ အခွင့်အရေး ပိုသာသွားတယ်”

လို့ သူတို့ ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကို စိတ်ရှည်လက်ရှည် ပြောပြတယ်။

ငါတို့ အဲဒီမှာ တစ်ညအိပ်ပြီး နောက်တစ်နေ့မှာ ဖဒိုစောဘသင်စိန်ကိုယ်တိုင် ဒုဥက္ကဌ ဗိုလ်ချုပ် ရွှေဆိုင်းဆီကို သူ့ကားနဲ့ လိုက်ပို့ပေးတယ်။ တောလမ်းဆိုတော့ လမ်းက ခပ်ကြမ်းကြမ်းခရီးဖြစ်တယ်။ သုံးနာရီလောက် မောင်းပြီးမှ ဗိုလ်ချုပ်ရွှေဆိုင်းနေတဲ့ နေရာကို ရောက်တယ်။ ရောက်တော့ ဗိုလ်ချုပ်ရွှေဆိုင်းကလည်း ရက္ခိုင်က တော်လှန်ရေးခေါင်းဆောင်တွေနဲ့ သူ လက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ အခြေအနေတွေ ရက္ခိုင်တွေရဲ့ စိတ်နေစိတ်ထားတွေကို ငါတို့ကို ပြန်ပြောတယ်။ ပြီးတော့

“ရက္ခိုင်ပြည်ရဲ့ တောတောင်ရေမြေ သဘာဝအခြေအနေက တော်လှန်ရေးအတွက် သိပ်ကို ကောင်းတယ်။ ရက္ခိုင်တွေအနေနဲ့ ကုန်းလမ်းထက် ရေလမ်းခရီးကို အလေးပေးနိုင်ရင် ပိုကောင်းတယ်။ ဥပမာ ပြောရရင် ဗိုလ်ရာဇာတို့ဟာ တပ်မဟာ (၄) ကို အခြေပြုပြီး ဗိုလ်ချုပ်အော်လီဗာ အကူအညီနဲ့ တပ်ကို စုဖွဲ့ တည်ဆောက်ပြီး လှုပ်ရှားခဲ့ ဘယ်လို ခရီးရောက်ခဲ့တယ်ဆိုတာ မင်းတို့ သိပြီးသားပါ”

လို့ ငါတို့ကို အားပေးစကား ပြောခဲ့တယ်။ ဗိုလ်ချုပ်ရွှေဆိုင်း နေတဲ့အိမ်က ရန်သူလှုပ်ရှားနေတဲ့ နေရာနဲ့ တော်တော် နီးကပ်တာကို ကင်းတဲက ရဲဘော်က ပြောပြပြီး ငါတို့ကို သတိပေးထားတယ်။ ဗိုလ်ချုပ်ကလည်း ငါတို့ကို သွားသတိ လာသတိနဲ့ နေဖို့ ပြောတယ်။

သူ့အိမ်ရှေ့တည့်တည့်မှာ သူ့အမျိုးသမီးရဲ့ အုတ်ဂူရှိတာကို တွေ့ရသလို သူ့အိမ်အနီးအနားမှာ ရဲဘော် တပ်စိပ် တစိပ်ဘဲ ထားတာကို တွေ့မြင်ရလို့ ခိုင်မြတ်ကျော်ကိုတောင် ငါက

“ရန်သူနဲ့ နီးတဲ့နေရာမှာ ဘာဖြစ်လို့ ဒီလောက် အင်အားနဲနေတာလဲ”

လို့ စိုးရိမ်စိတ်နဲ့ ငါ ပြောဖြစ်သေးတယ်။ အဲဒီမှာ တညအိပ်ပြီးနောက် စခန်းသစ်ဆိုတဲ့ နေရာမှာ ရှိနေတဲ့ ဗိုလ်ချုပ်တာမလာဘောဆီကို ခရီးဆက်ခဲ့ကြတယ်။ သူ့ဆီရောက်တော့လည်း ငါတို့ဟာ ရှေ့က ခေါင်းဆောင်တွေကို ပြောခဲ့တဲ့အတိုင်းဘဲ KNU နယ်မြေထဲမှာ AASYC ရဲ့တပ် ANGA အခြေစိုက်မဲ့ ကိစ္စကို တင်ပြ ဆွေးနွေးကြတယ်။ ဗိုလ်ချုပ်တာမလာဘောကလည်း

“ငါတို့ ဖြတ်သန်းလာခဲ့တဲ့ တော်လှန်ရေးခရီးမှာ အခက်အခဲတွေ အနိုင်တွေ အရှုံးတွေ အမျိုးမျိုး ကြုံတွေ့ ခဲ့ကြရပြီးပြီ။ ဘယ်လိုပင်ဖြစ်ပါစေ ငါတို့ မင်းတို့တာဝန်က မပြီးမြောက်သေးတဲ့ ဆက်ရန် ကျန်နေသေးတဲ့ တော်လှန်ရေးခရီးကို ဇွဲရှိရှိနဲ့ ခရီးဆက်ကြဖို့ပါဘဲ”

လို့ ပြောဆို သွန်သင် ဩဝါဒပေးတယ်။ ငါတို့ ခုလို KNU က လူကြီးတွေနဲ့ သွားရောက်တွေ့ဆုံနေချိန်ဟာ သူတို့ဟာ တချိန်ကလို တော်လှန်ရေးလောကမှာ အင်အား အလွန်တောင့်တင်းတဲ့ အနေအထား မဟုတ်တော့ပါဘူး။ အကြောင်းရင်းကတော့ ရှစ်ဆယ့်ရှစ် အရေးအခင်းနောက်ပိုင်း မိမိတို့ နယ်မြေတွေကို နဝတ စစ်အစိုးရက သိမ်းပိုက်ခြင်းခံရသလို KNU ကနေ DKBA ခွဲထွက်သွားတာတွေက အဓိကပါဘဲ။

KNU ခေါင်းဆောင်တွေက ငါတို့ကို ပြောပြတာတွေထဲက ပြန်ပြောပြရင် ၁၉၉၁–၉၂ ကာလကနေစပြီး SLORC (State Law and Order Restoration Council ) နဝတ အစိုးရက တိုက်ခိုက်မှု ပြင်းထန်လာပါတယ်။

၁၉၉၄ စပြီး DKBA – Democratic Karen Buddhist Army ကို နဝတဘက်က ကျောထောက်နောက်ခံပေးပြီး ဖွဲ့စည်းလိုက်တာကြောင့် KNU အတွက် အဓိက အားနည်းမှုကို ဖြစ်ပေါ်လာခဲ့ပါတယ်။ DKBA က KNU ဌာနချုပ် မာနယ်ပလောကို ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ ထိုးစစ်ဆင် တိုက်ခိုက်လာလို့ ဌာနချုပ် ကျဆုံးခဲ့ရတယ်။

ဒီခရီးစဉ်မှာ KNU ခေါင်းဆောင်တွေကို ငါတို့ တင်ပြတောင်းခံတဲ့ KNU နယ်မြေထဲမှာ AASYC ရဲ့ ANGA တပ် အခြေချ လှူပ်ရှားခွင့်ကို သဘောတူ ခွင့်ပြုချက် ရရှိခဲ့တဲ့အတွက် အောင်မြင်တဲ့ ခရီးတခု ဖြစ်တယ်လို့ ငါသတ်မှတ်တယ်။

ဒီလို သွားလာရင်းနဲ့ လမ်းတလျှောက်မှာ ၁၉၉၅ ခုနှစ် စစ်ပွဲကာလအတွင်းမှာ နဝတတပ်တွေက မီးရှို့ ဖျက်ဆီးထားခဲ့ကြတဲ့ ရွာတွေ အများအပြားကိုလည်း ရင်နင့်ဖွယ်ရာ မြင်ကွင်းအဖြစ် စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရတယ်။

ငါတို့ဟာ KNU ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေနဲ့ သွားရောက် တွေ့ဆုံ ဂါရဝပြု နှုတ်ဆက်တဲ့ ခရီးစဉ်ဟာ ၇ ရက်လောက် ကြာခဲ့တယ်။ အဲဒီရက်တွေမှာ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ခေါင်းဆောင်တွေရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေ စွန့်စားမှုတွေနဲ့ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်တွေ လုပ်ဆောင်ချက်တွေကို မျက်ဝါးထင်ထင် သိမြင်ခွင့် ရခဲ့ကြတယ်။ တပြိုင်နက်ထဲမှာ မလွဲမသွေ ရင်ဆိုင်ရမဲ့ တော်လှန်ရေးရဲ့ လောကဓံတွေ အခြေခံသဘောတရားတွေကိုလည်း သိရှိလာရတယ်။

ဒီခရီးစဉ်ဟာ ငါ့အတွက် မဟာမိတ်တော်လှန်ရေးနယ်မြေမှာ ပထမဆုံး ခြေချဖူးတာဖြစ်သလို လူငယ်ကျောင်းသားတပ် အခြေချခွင့်ရခဲ့တဲ့ ခရီးစဉ်ဖြစ်တဲ့အတွက် အလွန် တန်ဖိုးထိုက်တန်တဲ့ ခရီးစဉ်တစ်ခုအဖြစ် မိမိတို့အနေနဲ့ ရရှိခဲ့တယ်လို့ မှတ်ယူတယ်။

ဒါ့အပြင် ငါ တွေ့ဆုံဆက်ဆံဖူးခဲ့တဲ့ KNU ခေါင်းဆောင်တွေထဲကနေ လေးစား အတုယူစရာကောင်းတဲ့ စရိုက် လက္ခဏာတွေကိုလည်း သင်ယူ လေ့လာခွင့် ရရှိခဲ့ပါတယ်။ ဒီနေရာမှာ ငါ့အနေနဲ့ သာဓကပြလိုသူတဦးကတော့ ဖဒိုမန်းချာ ဖြစ်တယ်။ ဖဒိုမန်းချာဟာ အဲဒီတုန်းက KNU ရဲ့ တွဲဖက်အတွင်းရေးမှူးပါဘဲ။

သူဟာ အမြဲတမ်းလိုလို ကရင်လွယ်အိတ်တစ်လုံးကို လွယ်ထားတတ်တယ်။ ပုဆိုးကို တိုတို ဝတ်ထားလေ့ရှိပြီး သွက်သွက်လက်လက် ဟိုဝင် ဒီထွက်နဲ့ မနားမနေ သွားနေတာကို တွေ့ရတယ်။ ပန်းပင်တွေကြားက ပျား ပိတုန်း ပမာပါဘဲ။

သူဟာ KNU ခေါင်းဆောင်တွေ စကားပြောနေတဲ့ဝိုင်းကိုရောက်တိုင်း လဘက်ရည်ကြမ်းခွက် ချပေးတာတို့။ ဓါတ်ဗူးထဲမှာ ရေနွေးထည့်တာတို့။ လဘက်ခြောက် ထည့်တာတို့။ ခွက်တွေထဲကို လဘက်ရည်ကြမ်း ငှဲ့ပေးတာတို့ကို ဘုန်းကြီးကျောင်းသားတစ်ယောက်လိုဘဲ ရိုရိုကျိုးကျိုးနဲ့ လုပ်ဆောင်ပေးတာမျိုးကို မကြာမကြာ တွေ့ရတယ်။ ပြီးတော့ အစည်းအဝေးတွေမှာဆိုရင်လည်း သူဟာ တော်တော် စိတ်ရှည်ရှည်နဲ့ ဆွေးနွေးတတ်သလို ဆွေးနွေးဘက်တွေရဲ့ တင်ပြချက်ကို တုန့်ပြန်ရာမှာလည်း သုံးနှူန်းတဲ့ စကားလုံးကအစ ကိုယ်အမူအရာ နှုတ်အမူအရာ တော်တော်ကြီးကို သိမ်မွေ့ပြီး မောက်မာမှု အလျှဉ်းမရှိ။ ဆွေးနွေးဖက် မဟာမိတ်တွေကို ဦးစားပေး အလေးပေး ဆက်ဆံသလို လူငယ်ခေါင်းဆောင်တွေကိုလည်း ဖေးဖေးမမနဲ့ အလေးထား အသိမှတ်ပြုတာ အားပေးအားမြှောက်ပြုတတ်တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ငါ သိမြင်ခွင့် ရခဲ့တယ်။

ဘန်ကောက်ကို ပြန်ရောက်တာနဲ့ ငါဟာ ဦးအောင်စိန်သာနဲ့တွေ့ဘို့ ပကျော့ကို ပြန်ဆင်းသွားလိုက်တယ်။ သူ အကူအညီတောင်းလို့ ငါဟာ သူ့ကို အတတ်နိုင်ဆုံး ကူညီပေးခဲ့ပြီးလည်း ဖြစ်တယ်။ ခုတော့ ငါ့မှာလည်း ငါကိုယ်တိုင်ရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ ရက္ခိုင်မျိုးဆက်သစ် ကျောင်းသားလူငယ်တွေနဲ့ စုစည်းထားတဲ့ တော်လှန်ရေးအုပ်စုတစ်စုကိုလည်း စတင် မွေးဖွါးနိုင်ရာမှာ ဦးဆောင်သူထဲက တစ်ယောက်အနေနဲ့ ပါဝင်နိုင်ခဲ့ပြီဖြစ်သလို အခြားတစ်ဘက်မှာ ငါရဲ့ လာရင်းကိစ္စဖြစ်တဲ့ ကိုရီးယားခရီးစဉ်ကိုလည်း အချိန်ပေးပြီး မဖြစ်မနေ အကောင်အထည် ဖော်ရတော့မယ်လေ။ ဘာလိုလိုနဲ့ ငါ ဘန်ကောက်ရောက်နေတာ ခုဆိုရင် တစ်နှစ်ခွဲလောက် ရှိလာပြီလေ။ ဒါကြောင့် သူနဲ့တွေ့တဲ့အခါ ငါက

“ဦးလေးရေ. ကျနော် ဦးလေးကို အဝေးကဘဲ နိုင်သလောက် ကူညီပါရစေ။ ကျနော့်မှာလည်း မူလ ရည်ရွယ်ထားတဲ့ တောင်ကိုရီးယားခရီးစဉ်အတွက် ဘန်ကောက်ကနေပြီးတော့ ဆက်လက် ဆောင်ရွက်ရတော့မယ်”

လို့ ပြောလိုက်တယ်။ သူက

“အေး.. မင်း ငါ့ကို ကူညီ လုပ်ဆောင်ပေးခဲ့တာတွေအတွက် ငါ ကျေးဇူး အများကြီး တင်ပါတယ်။ တချို့ကိစ္စတွေက ငါကိုယ်တိုင် လိုက်လုပ်ဖို့ မလွယ်ကူတာမျိုးကိုပါ မင်းက ကူညီခဲ့တယ် မဟုတ်လား။ ပြီးတော့ ကိုယ့်ရည်မှန်းချက် ပြည့်စုံအောင်လည်း လုပ်ရဦးမယ်လေ”

လို့ သူက ငါ့ကို ကျေးဇူးတင်စကား ပြောတယ်။ ငါကလည်း

“ကိစ္စမရှိပါဘူး ဦးလေး. အမျိုးသားရေးအတွက် တော်လှန်ရေးအတွက် ကျနော် တတ်နိုင်ရာက ကူညီလုပ်ကိုင်ခွင့်ပေးတဲ့ ဦးလေးကိုလည်း ကျေးဇူးတင်ပါတယ်”

အမှန်ကတော့ ဦးအောင်စိန်သာတို့အနေနဲ့လည်း ငါ့အကူအညီကို ယခင်လို မလိုအပ်တော့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ NUPA အနေနဲ့ ရပ်တည်ပြီးနောက်ပိုင်းမှာ တပ်ပိုင်း ဘဏ္ဍာငွေ ကောက်ခံရေးတာဝန်တွေက NUPA ရဲ့ စီမံခန့်ခွဲမှုကို ဗဟိုကနေ တာဝန်ယူ စီမံလိုက်လို့ ဖြစ်တယ်။ အဲဒီနောက်ပိုင်း တာဝန်ရှိတဲ့ ခေါင်းဆောင်အချို့တွေရဲ့ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေကြောင့် ဦးအောင်စိန်သာတို့ရဲ့ အခြေအနေကလည်း NUFA လိုလို NUPA လိုလို ACP လိုလို ဖြစ်နေတာကတစ်ကြောင်း၊ တပ်တွင်းထဲမှာ ရဲဘော် (၃) ယောက်ကို သေဒဏ်ပေး အပြစ်ပေး အရေးယူမှုကြောင့် စည်းရုံးရေးတွေ ကျဆင်းနေကာက တစ်ကြောင်းနဲ့ ထိမ်းမနိုင် သိမ်းမရ ဖြစ်နေပြီး လုပ်ငန်းစဉ်တွေကို ထပ်မံ ချမှတ်နိုင်တာ မရှိသလို ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်တော့တာတွေကြောင့် ငါ့အနေနဲ့ သူတို့ကို ထပ်ပြီး ကူဖို့လည်း မလိုအပ်တော့ပါ။

ပလာဦးစခန်းတွင်းထဲမှာ ဖြစ်စဉ်တွေက တကယ်စဉ်းစားကြည့်ရင် အလွန် စိတ်မကောင်းစရာလို့ ဆိုရမှာ ဖြစ်တယ်။ ပြစ်ဒဏ်ခံရသူဘက်ကလည်း ဆင်ခြင်ဖို့ လိုသလို ပြစ်ဒဏ်ချမှတ်သူ စိတ်လိုက်မာန်ပါနဲ့ ဆင်ခြင်ဉာဏ် နည်းပါးစွာ လုပ်ခဲ့တယ်လို့ မြင်ပါတယ်။

ပထမဖြစ်စဉ်က ဘုန်းကြီးလူထွက် (၂ ) ယောက်။ သူတို့နှစ်ဦးရဲ့ ဖြစ်စဉ်က ဒီလို။ သူတို့က တပ်ထဲကို ရောက်လာကြတာလည်း သိပ်မကြာသေးတော့ ပြောတာဆိုတာ အပြုအမူက အရပ်သား ဆန်ကြတယ်။ အသင်းအဖွဲ့နဲ့ မနေထိုင်တတ်ဘူး။ စရိုက်ဆန်တယ်။ ထစ်ခနဲဆို သေနတ်ကို မောင်းထိုးပြီး

“ငါတို့နှစ်ယောက် လုပ်လိုက်ရင် မင်းတို့ အကုန်သေမယ်နော်။ မင်းတို့စခန်းရှိ လူအားလုံး သတိထား”

ဆိုပြီး ခဏခဏ ကြိမ်းမောင်းလေ့ ရှိတယ်။ သူတို့နှစ်ယောက်လုံးကလည်း ဗလတောင့်တောင့်။ သန်မာ ကြံ့ခိုင်ကြသလို သိုင်းပညာလည်း တတ်မြောက်ထားသူတွေ ဖြစ်တယ်။ စခန်းထဲမှာ ခွန်အားပြပြီး လူမိုက်ဆန်ဆန် မထီမဲ့မြင် အပြုအမူတွေ များလာတော့ စခန်းမှူးနဲ့ တာဝန်ရှိသူတွေက စိုးရိမ်လာကြပြီး သူတို့ကို သေဒဏ် အပြစ်ပေး စီရင်လိုက်ကြတာ ဖြစ်တယ်။

အဲဒီလို လုပ်လိုက်တာမှာ အဆိုးဆုံးကတော့ သက်ဆိုင်ရာ တာဝန်ခံ ဦးအောင်စိန်သာကို အစီရင်ခံ တင်ပြခြင်း မပြုလုပ်ဘဲ ပြစ်ဒဏ် ပေးလိုက်ကြတာပါ။

နောက်ထပ် တစ်ခုကတော့ ထွန်းထွန်းဆိုသူ ရဲဘော်ကို သတ်ပစ်လိုက်ကြတာပါ။ သူက တပ်ထဲမှာ ရောက်နေတာ တော်တော် ကြာနေပြီ ဖြစ်တယ်။ သူက ကြိုးစားအားထုတ်မှု ကောင်းပြီး စခန်းပတ်ဝန်းကျင် အနီးအနားနဲ့ ဆက်ဆံရေး ကောင်းသူလည်း ဖြစ်တယ်။

တစ်နေ့မှာ စခန်းအတွင်းမှာ ဆန် ပြတ်လပ်သွားတယ်။ စားစရာဆန်က လုံးဝ မရှိတော့ဘူး။ ဒီတော့ တပ်က ရဲဘော်ထွန်းထွန်းကို သူတို့တပ်မှာ သိမ်းထားတဲ့ ဝက်ဝံသဲခြေတစ်လုံးကို ထုတ်ပေးတယ်။ ဒါကိုရောင်းပြီး ဆန်ဝယ်ယူလာဖို့ သူ့ကို တာဝန်ပေးလိုက်တယ်။ မနက်စောစောကတည်းက သူ့ကို လွှတ်လိုက်တာ နေမွန်းတည့်ထိ ပြန်ရောက်မလာဘူး။

တပ်ထဲက လူတွေမှာက နံနက်စာထမင်းလည်း မစားရသေး။ သူ အချိန်မှီ မရောက်လာရင် ညနေစာလည်း မသေချာတော့ဘူးဆိုတော့ စခန်းထဲမှာ ပေါက်ကွဲကုန်ကြတာပေါ့။ ဒီလို ဒေါကန်နေကြတုန်း သတင်းတစ်ခု ရတာက သူနဲ့ ရည်ငံနေတဲ့ ကောင်မလေးရှိတဲ့ရွာမှာ ထွန်းထွန်းကို အရက်သောက်နေတာ တွေ့မြင်ခဲ့တယ်တဲ့။ ဒီလို သတင်းကို ကြားရတော့ စခန်းထဲရှိတဲ့သူတွေရဲ့ ဒေါသက အထွဋ်အထိပ်ကို ရောက်သွားပြီး ဒီကောင် ပြန်ရောက်လာရင် အရှင်ထားဖို့ မသင့်တော့ဘူး ဆိုပြီး ဒေါသနဲ့ ပြောနေကြတွေဟာ စခန်းတစ်ခုလုံး ဆူညံနေကြတော့တယ်။

နောက်ဆုံးမှာ စခန်းတာဝန်ခံက ရဲဘော်လင်းဇော်ဆိုသူကို ထွန်းထွန်းကို လိုက်ရှာပြီး ခေါ်လာဖို့ တာဝန်ပေး စေခိုင်းလိုက်တယ်။ ညနေလောက်မှာ လင်းဇော်နဲ့ ထွန်းထွန်းတို့ နှစ်ယောက်သား ပြန်ရောက်ကြတယ်။ ရောက်ရောက်ချင်းဘဲ သူ့ကို ခေါ်ပြီး စစ်ဆေးမေးမြန်းစဉ်မှာ သူ့ဆီကလည်း အရက်နံ့ရဆိုတော့ တပ်ထဲကလူတွေက ပိုပြီး ပေါက်ကွဲကြတာပေါ့။ ထိန်းမနိုင် သိမ်းမရ ဒေါသနဲ့ ဝိုင်းဆူကြပြီးတဲ့နောက်မှာ စခန်းတာဝန်ရှိသူတွေက သူ့ကို ချက်ချင်းဘဲ သတ်မိန့်ပေးပြီး ပစ်သတ်လိုက်ကြတယ်။

သူ့ကို မြေမြှုတ်ခါနီးမှာ ဇော်လင်းဆိုသူ ရဲဘော်က ဝက်ဝံသည်းခြေရောင်းရတဲ့ငွေ ဘတ် (၅၀၀) ကို ထွန်းထွန်းရဲ့ အင်္ကျီအိတ်ထဲမှာ ရှိတယ်လို့ ပြောလို့ အိတ်ထဲကို ရှာကြည့်တော့မှ ဘတ်ငွေ (၅၀၀) ကို တွေ့ကြရတယ်။

အဲဒီဖြစ်စဉ်မှာ ပထမ ထင်ကြေးက ငါတို့ ထမင်းငတ်နေတဲ့အချိန်မှာတောင် ကိုယ်ချင်းမစာနာဘဲ ဝက်ဝံသည်းခြေ ရောင်းလို့ရတဲ့ငွေကို ဆန်မဝယ်ဘဲ အရက်သောက် သုံးဖြုန်းလိုက်တယ်ဆိုတဲ့ ထင်ကြေးနဲ့ ဒေါသ အထွဋ်အထိပ်ကို ရောက်သွားကြတဲ့ အခြေအနေ။ အိတ်ကတ်ထဲမှာ ဝက်ဝံသည်းခြေ ရောင်းရတဲ့ ငွေကိုတွေ့ရတော့ သူ အရက်သောက်တာက ဝက်ဝံသည်းခြေကို ရောင်းလို့ရတဲ့ငွေနဲ့ သောက်သုံးပစ်တာ မဟုတ် ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ သူတို့ရဲ့ နောင်တက အရမ်း နောက်ကျသွားပြီ။ အခြားတစ်ဘက်မှာ လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းက ဆုံးရှုံးလိုက်ရပြီလေ။

ဒီရဲဘော် ၃ ယောက်ကို သေဒဏ် စီရင်ချက် ချလိုက်ခြင်းက ပွဲပြီးမီးသေ ငြိမ်းသွားခဲ့သလားဆိုတော့ မဟုတ်ပါဘူး။ သတင်းဆိုတဲ့အရာက ဖုံးဖိထားလို့ ရတာမျိုး မဟုတ်လေတော့ သူတို့ အသတ်ခံရတဲ့ သတင်းဟာ အပြင်မှာ တဖြည်းဖြည်း ပြန့်လာ နှံ့လာတယ်။ ပတ်သက်သူ သက်ဆိုင်သူတွေက မေးခွန်းတွေ ထုတ်လာကြတယ်။ ဝေဖန်သံတွေ ကျယ်ပြန့်လာတယ်။ အထူးသဖြင့် ဘုန်းကြီးလူထွက် နှစ်ယောက်ကို ရဲဘော်လုပ်ဖို့ အဆက်အသွယ် ပြုလုပ်ပြီး စည်းရုံး စုဆောင်းပေးသူတွေက ဦးအောင်စိန်သာကို မေးခွန်း ထုတ်လာကြပြီ။ အလားတူ ထိုင်းနိုင်ငံရောက် တခြား ရက္ခိုင်တွေဆီကလည်း မကျေနပ်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာကြတယ်။

အဲဒီ ရဲဘော် ၃ ယောက်ကို သေဒဏ် စီရင်ပြီးနောက် ဦးအောင်စိန်သာတို့ရဲ့ စည်းရုံးရေးက တော်တော် ကျဆုံးသွားတယ်။ ဦးအောင်စိန်သာရဲ့ အသက်ကိုပါ ခြိမ်းခြောက်လာကြတယ်။ အန္တရာယ် ရှိလာတယ်။ အဲသလို လူထုထောက်ခံမှု ကျဆင်းလာတဲ့အတွက် ဦးအောင်စိန်သာလည်း စိတ်ဓါတ် တော်တော် ကျဆင်းသွားပြီး ကျန်းမာရေးပါ ဆိုးဆိုးရွားရွား ဖြစ်လာတယ်။ တချိန်တည်းမှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတဲ့ဒဏ်ကို လှိမ့်ခံရင်း စားဝတ်နေရေးကလည်း ခက်ခဲလွန်းတာကြောင့် သူ့ကို ရင်းနှီးခင်မင်တဲ့ လူငယ်အလုပ်သမားတချို့က ကူညီ ကျွေးမွေး စောင့်ရှောက်မှုနဲ့ ရှင်သန်နေခဲ့ရတာကို စိတ်မသက်သာဖွယ် မြင်တွေ့ခဲ့ရတယ်။

အဲသလို ဆင်းဆင်းရဲရဲနဲ့ ရပ်တည်နေရတာကို မြင်တွေ့ရတဲ့အတွက် ပြီးတော့ ငါလည်း သူ့ကို ဦးလေးတစ်ယောက်လို ချစ်ခင်တာကြောင့် ငါ့မှာရှိနေတဲ့ ငွေထဲက ဟိုခါနဲနဲ ဒီခါနဲနဲနဲ့ ပံ့ပိုးကူညီခဲ့တာ အမေရိကန်ဒေါ်လာ ၂၂၀၀ ထိ ရှိခဲ့တယ်။

(မှတ်ချက်) ငါ သေဆုံးပြီးသူတစ်ယောက်က ပြန်မပြောပြနိုင်တဲ့အချိန်မှာ ငွေကူညီခဲ့တာကို ပြောတာတော့ ငါ့ကို တချို့က အမြင်တစ်မျိုး ရှိကောင်း ရှိနိုင်တယ်။ ငါ အရှိတရားကို ပြောပြတာ ဖြစ်ပါတယ်။ ငါ တော်လှန်နေတဲ့ အဖွဲ့အစည်းရဲ့ လိုအပ်ချက်မို့လို့ ငါလည်း မရှိတဲ့ကြားက ကူညီခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဦးအောင်စိန်သာနဲ့ လက်တွဲပြီး တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေ ပြည်တွင်းပြည်ပမှာ ရှိကြပါတယ်။ သူတို့ထဲက သိတဲလူတွေက ဒီပို့စ်မှာ မှတ်ချပေးကြပါလို့ တောင်းဆိုလိုက်ပါတယ်။)

ဦးအောင်စိန်သာ ကျန်းမာရေး အရမ်း ဆိုးရွားသွားချိန်မှာ ချင်းမိုင်မှာရှိနေတဲ့ သူ့မိတ်ဆွေ ဦးအေးဆောင် PLF အတွင်းရေးမှူးရဲ့ အကူအညီနဲ့ ဆေးကုသမှု ခံယူနေခဲ့ရတယ်။ အဲချိန်မှာလည်းဘဲ တတ်နိုင်သလောက် ငါ ကူညီပေးခဲ့တယ်။ သူ ရောဂါ အသည်းအသန် ခံစားနေရချိန်မှာ ငါနဲ့ ငါ့ဦးလေးသားလည်းဖြစ်တဲ့ AASYC ရဲ့ ရဲဘော် နိုင်နိုင်တို့က တစ်ယောက်တလှည့်စီ စောင့်အိပ်ပြီး ပြုစုခဲ့ကြတယ်။

အဲဒီတုန်းက ငါက AASYC ဥက္ကဌ တာဝန်ယူထားပြီး ချင်းမိုင်မှာ အခြေချ ရုံးဖွင့်ပြီး နေတဲ့ကာလဆိုတော့ ငါလည်း တတ်နိုင်သလောက် ဝိုင်းကူ ပေးနိုင်ခဲ့ခြင်း  ဖြစ်တယ်။

နိုင်နိုင်ဆိုတာက ငါ့ဦးလေး ဦးသာထွန်းရဲ့သား။ ဦးသာထွန်းက ဦးအောင်စိန်သာနဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ကြတယ်။ နိုင်နိုင် စောင့်အိပ်တဲ့နေ့မှာပဲ ဦးအောင်စိန်သာ ကျဆုံးသွားခဲ့တယ်။

သူ နောက်ဆုံး တာဝန်ယူခဲ့တာက DPA ဗဟိုကော်မတီဝင် ဖြစ်ပါတယ်။ ဘဝတသက်တာလုံးကို တော်လှန်ရေးတာဝန်ကို ထမ်းဆောင်နေခဲ့သူ ဦးအောင်စိန်သာဟာ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလမှာ အသက် (၅၄) နှစ်အရွယ်မှာ လူပျိုကြီးအဖြစ်နဲ့ ကျဆုံးသွားခဲ့ရတယ်။ ကျဆုံးချိန်မှာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်သွားခဲ့ရတာကိုလည်း ဝမ်းနည်းဖွယ်ရာအဖြစ် စိတ်မကောင်းစွာနဲ့ မြင်တွေ့လိုက်ရတယ်။ သူ့စျာပနကိုလည်း ငါကိုယ်တိုင် ဦးဆောင်ပြီး တော်လှန်ရေးအဖွဲ့တွေရဲ့ ပံ့ပိုးဝိုင်းရံ ကူညီမှုနဲ့အတူ အသင့်အတင့်သော အခန်းအနား အစီစဉ်နဲ့ သဂြိုလ်ပေးလိုက်တယ်။

ငါ မှတ်မိသလောက်တော့ DPA – NDF – NLD – LA – ALD -LA – KNU – ALP – WNO – DPNS – PLF – SYCB – AASYC – AYCC – ABSDF နဲ့ တခြားပါတီ အဖွဲ့အစည်းတွေနဲ့ ရက္ခိုင်အသင်း အဖွဲ့အစည်းတွေ အပါအဝင် လွမ်းသူ့ပန်းခွေ (၃၀) ကျော်ကို ပို့ဆောင်ပေးခဲ့ကြပြီး အသုဘကိုလည်း တော်လှန်ရေးခေါင်းဆောင်များ ရဲဘော်ရဲဘက်များ လာရောက်ကာ လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။

ဦးအောင်စိန်သာ ကောင်းရာသုဂတိ ရောက်ပါစေလို့ ငါ ဆုတောင်းပါတယ်။

Related posts

AA က ငွေကြေးအနွမ်းများ လက်ခံသုံးစွဲရမယ်လို့ ထုတ်ပြန်တာကို ပြည်သူများလက်ခံ

Rakhita Times

ဂေါတမီရင်ခွင် တည်ထောင်ခြင်း ၁ နှစ်ပြည့် အမှတ်တရစကား ဒေါ်နှင်းဇာဖြူပြော

Rakhita Times

ဘင်္ဂလားကနေ စကမ ထိန်းချုပ်နယ်မြေ စစ်တွေကို မူးယစ်ဆေးသယ်လာတဲ့ ဘုတ် ၂ စီး AA ဖမ်းဆီးရမိ

Rakhita Times

Leave a Comment