အာရက္ခတိုင်းမ်စ် (၂၄ ဩဂုတ် ၂၀၂၆)
စစ်ကော်မရှင်အနေနဲ့ အာရက္ခတပ်တော် AA ကို ငြိမ်းချမ်းရေး ဒါမှမဟုတ် အပစ်အခတ်ရပ်စဲရေးအတွက် ဆောင်ရွက်ဖို့ လမ်းသစ်မပေါ်ရင် နီပွန်ဖောင်ဒေးရှင်းပါဝင်တဲ့ လမ်းဟောင်းနဲ့ပဲ သွားနိုင်တယ်လို့ PNLO-NCA/S ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အစဉ်အလာအားဖြင့်တော့ AA က သူပါတာက နီပွန်ဖောင်ဒေးရှင်းနဲ့ ပါတယ်။ နီပွန်ဖောင်ဒေးရှင်းက AA နဲ့ဆို နှစ်ခါရှိပြီပေါ့။ AA ပါလာတာ။ ဒါကြောင့် အဲဒီနီပွန်ဖောင်ဒေးရှင်းက အခုတစ်ခေါက်လည်း ပြန်လာပြန်ပြီဆိုတော့ AA ကိစ္စ၊ နီပွန်ဖောင်ဒေးရှင်းလာတဲ့ ကိစ္စ၊ နီပွန်ဖောင်ဒေးရှင်းနဲ့ သမ္မတကြီးနဲ့ တွေ့တဲ့ ကိစ္စ၊ ဒါတွေက ဆက်စပ်နေလား၊ မနေလားတော့ ကျနော်မသိဘူး။ ဘာပဲဖြစ်ဖြစ် ဘယ်ဟာမဆို သူ့လမ်းကြောင်းနဲ့ သူတော့ ရှိပါတယ်။ လမ်းက အသစ်မပေါ်ရင်လည်း လမ်းအဟောင်းပေါ့” လို့ သူက ပြောပါတယ်။
ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ယိုဟေးဆာဆာကာဝါဟာ ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်မှာ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဧရာဝတီတိုင်းက ရေဘေးသင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့ ငလျင်ဒဏ်ခံ အဆောက်အဦဆောက်လုပ်ရေး ပညာရပ်တွေ ကူညီပေးရေးကို ဆွေးနွေးခဲ့တယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
ယိုဟေး ဆာဆာကာဝါ ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပါဝင်လာသူဖြစ်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ဂျပန်အစိုးရက သူ့ကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
သူဟာ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက မြန်မာအစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေမှာ ကြားဝင် ဆက်သွယ်ပေးခဲ့သူ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းတဲ့ကာလမှာလည်း ဆာဆာကာဝါဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ယုံကြည်မှု တည်ဆောက်ရေးနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နိုင်ရေးမှာ ပါဝင်ခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလမှာ ဆာဆာကာဝါဟာ ဂျပန်အစိုးရရဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ဦးဆောင်ပြီး မြန်မာနိုင်ငံကို လာရောက်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးမင်းအောင်လှိုင် တို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။
အဲဒီကာလမှာ ရက္ခိုင်ပြည်က တိုက်ပွဲတွေကြောင့် မဲပေးခွင့်မရခဲ့တဲ့ ဒေသတချို့မှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေးအတွက် စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား ဆက်သွယ်ညှိနှိုင်းမှုတွေမှာလည်း ဆာဆာကာဝါ ပါဝင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်မှာလည်း ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို ဆက်လက်လာ ရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေမှာ ရက္ခိုင်ပြည်က စစ်ဘေးရှောင် ဒေသတွေကိုလည်း သွားရောက်ခဲ့ပြီး နိပွန်ဖောင်ဒေးရှင်းက လူသားချင်းစာနာမှု အကူအညီတွေ ပေးခဲ့ပါတယ်။
အရေးပါတဲ့ ကြားဝင်ညှိနှိုင်းမှုတစ်ခုကတော့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်မှု ရရှိရေး ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဆာဆာကာဝါဟာ မြန်မာနိုင်ငံကို လာရောက်ပြီး နှစ်ဖက်နဲ့ ဆက်သွယ်ညှိနှိင်းခဲ့သလို တိုက်ပွဲတွေကြောင့် ပိတ်ဆို့နေတဲ့ သယ်ယူပိုဆောင်ရေး လမ်းကြောင်းတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာလည်း ဆာဆာကာဝါဟာ ရက္ခိုင်ပြည်ကို သွားရောက်ပြီး မြောက်ဦးက စစ်ဘေးရှောင် စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့သလို စောင်၊ ကျောင်းနဲ့ ဆေးခန်းဆိုင်ရာ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး လုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်ဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်း နည်းလမ်းနဲ့ ဖိအားပေး လုပ်ဆောင်နေလျက် ရှိတာပါ။
