အာရက္ခတိုင်းမ်စ် (၆ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ ဒို့ကျောင်းသား ချောင်းဆိုးပျောက်ဆေးတစ်ဘူးကို ခုနှစ်ထောင်ကျပ်အထိ ပေးလို့ ဝယ်သောက်နေရတဲ့အတွက် ဆေးအညွှန်းပါ သောက်ရမယ့် နှုန်းထားထပ် တစ်နေ့ တစ်ပြားစီသာ သောက်နိုင်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဲဒီ ဒို့ကျောင်းသားဆေးဘူးတစ်ဘူးကို ရန်ကုန်မှာ တစ်ထောင်ကျပ်နှုန်းထားသာ ရှိပေမယ့် စစ်တွေမြို့မှာတော့ အဆမတန်ဈေးမြင့်တက်နေတာဖြစ်ပြီး တခြားဆေးဝါးတွေလည်း စျေးကြီးပေးဝယ်နေရတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကျမတို့ ချောင်းဆိုးတဲ့အခါ ကျမကိုယ်တိုင် ချောင်းဆိုးလို့ ဆေးသောက်လို့ အင်္ဂလိပ်ဆေးသောက်တာက လူကိုပိုလို့ နွမ်းစေတယ်ဆိုတဲ့အခါ ဗမာဆေးပြောင်းသောက်ဖို့ဆိုပြီး ဒို့ကျောင်းသားဆေးဘူး ဝယ်ပါတယ်။ ဝယ်တဲ့အခါ တစ်ဘူးကို ခုနှစ်ထောင်ပါ။ ဒို့ကျောင်းသားမှာ တစ်နေ့ကို လူကြီးဆို ဘယ်နှစ်ပြား၊ လူငယ်ဆို ဘယ်နှစ်ပြား သတ်မှတ်ထားပါတယ်မလား။ ဆေးညွှန်းပါတယ်လေ။ အဲဒီဆေးညွှန်းအတိုင်း ကျမတို့ မသောက်နိုင်ပါဘူး။ တစ်ပြား၊ တစ်ပြားစီပဲ ငုံရတဲ့အဆင့်ပါ။ ခုနှစ်ထောင်ဆိုတာက ကျမတို့ ဈေးတစ်ခါသွားစာ ရှိပါတယ်။ ဈေးတစ်ခါသွားရင် ခုနှစ်ထောင်ဖိုးဆိုရင် ငါးချေတစ်ခု ရပါတယ်။ အဲဒါကြောင့် အဲဒီဆေးတစ်ဘူးဝယ်ထားပြီး တစ်ပြားစီ ငုံရတဲ့အဆင့်ပါ။ နောက်တစ်ခုက အညှော်တွေ မခံရရင် လိမ်းတဲ့ မောရိယမန်းဆေးပါ။ အဲဒီ မောရိယမန်းဆေး အထုတ်သေးတစ်ထုတ်ကို ၁၀ လုံးသာပါတယ်။ အဲဒီတစ်ထုတ်ကို နှစ်ထောင်ပါ။ ဈေးအများကြီးပေးလို့ ဝယ်သောက်ရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိ စစ်တွေမြို့ အခြေအနေမှာ ဆေးဝါးပြတ်လပ်မှုတွေ မရှိဘဲ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေး အကုန်လုံး ဝယ်လို့ရကြောင်း၊ ဈေးနှုန်းအဆမတန် ကြီးမြင့်တော့ ရှိကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဆေးဝါးတွေက ပြတ်လပ်တာတော့ မရှိပါဘူး။ အဆင်ပြေပါတယ်။ အင်ဘာလာမှာ ကုလားဆေးဆိုင်မှာ ဆေးအစုံ ရပါတယ်။ ဈေးကြီးမှာလည်း ဗမာဆေး၊ အခုအချိန်ဆို မိုးကုန်လို့ ဆောင်းကူးရာသီမှာ ဖျားတတ်တယ်၊ ချောင်းဆိုးတတ်တယ်၊ ချောင်းဆိုးမပျောက်ရင် ချောင်းဆိုးပျောက်ဆေးဖြစ်ဖြစ်၊ ညှော်ခံဆေးတွေလည်း အားလုံး ဝယ်လို့ရပါတယ်။ လိမ်းဆေး အပူတွေ ဒဏ်ကြေလိမ်းဆေးတွေ အဲဒါတွေလည်း အကုန် ဝယ်လို့ရနေပါတယ်။ တစ်ခုကဘာလဲဆို ဝယ်လို့က အားလုံးဝယ်လို့ရတယ်။ သောက်ဆေး၊ ထိုးဆေး အားလုံးရပေမယ့် ပြောရရင် အားလုံး ဈေးကြီးတယ်” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ စစ်တွေမြို့ ထိုးစစ်ဆင်မှုဟာ လက်ရှိမှာ အလွန်ပြင်းထန်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နဲ့ ၂၆ ရက်တွေက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာရက္ခတပ်တော်က အသာစီးရရှိနေပြီး ရလဒ်ကောင်းတွေ အများအပြား ရရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ကော်မရှင်ဟာ စစ်တွေမြို့ပေါ်မှာ လေယာဉ်ပျံဝဲပြီး သွားလာနေမှုတွေရှိသလို မြို့တွင်းမှာ လက်နက်ကြီးကျရောက်မှု၊ ဗုံးပေါက်ကွဲမှုအချို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဖြစ်ပွားခဲ့ပါတယ်။
