NewsPolitic

ရွေးတုအစိုးရက ရက္ခိုင်ကို နတ်ရေကန်နဲ့ ညောင်ကျိုးက တိုးမရလို့ မင်းတုန်းကနေ တိုးကြည့်နေ

အာရက္ခတိုင်းမ်စ် (၄ ဇွန် ၂၀၂၆)

ရွေးတုအစိုးရဟာ ရက္ခိုင်ပြည်ထဲကို နတ်ရေကန်နဲ့ ညောင်ကျိုးကနေ တိုးဝင်မရလို့ မင်းတုန်းကနေ တိုးဝင်ကြည့်နေတာလို့ သိရပါတယ်။

“မင်းတုန်းအနောက်ခြမ်းကနေပြီးတော့ အင်အား ၁ ထောင်ကျော်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးနေတယ်။ မေလကတည်းက ခုထိ အဲဖက်မှာ တိုက်ပွဲတွေက ဖြစ်နေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရရဲ့ သရက်အခြေစိုက် ခလရ (၄၄)၊ ကပစ (၁၂) နဲ့ လပခ လက်အောက်ခံတပ်တွေ ပါဝင်တဲ့ အင်အား ၁ ထောင်ကျော်ဟာ ဧပြီလ ၁၈ ရက်က စတင်ပြီး မကွေးတိုင်း သရက်-မင်းတုန်း လမ်းကနေ စတင် ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

အဆိုပါ ရက္ခိုင်နယ်စပ်ကို စစ်ကြောင်းထိုးလာတဲ့ ရွေးတုအစိုးရ စစ်ကြောင်းနဲ့ ဇွန်လ ၁ ရက်ထိ တိုက်ပွဲ ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရွေးတုအစိုးရဖက်က အလောင်း ၂၀ ကျော်ရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ ရွေးတုအစိုးရတပ်တို့ ငကုန်းကျေးရွာတကျောတွင် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ဟိုတခါ ဗုံးချခံရတဲ့ ပြောင်းရွာ၊ ပြီးတော့ အဲနားမှာ ထန်းပင်ကုန်း၊ သဖန်ရောင်ရှိတယ်။ ရှေ့ဆက်သွားရင် ရင်းကောက်၊ ငကုန်းပေါ့။ အဲနေရာတွေက ရက္ခိုင်အစပ်ဖြစ်သွားပြီ။ အခုက အဲဒီ ရင်းကောက်နဲ့ ငကုန်းနားမှာ ဖြစ်နေတာ တိုက်ပွဲက” လို့ မင်းတုန်းမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သရက်မြို့နယ် အခြေစိုက် အမှတ် ၄၄ ခြေလျင်တပ်ရင်း၊ အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂)၊ မကွေးမြို့နယ် အခြေစိုက် တပ်မ ၈၈ နဲ့ ပြည်မြို့အခြေစိုက် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတွေနဲ့ ရက္ခိုင်ရိုးမအခြေကို စစ်ကြောင်းထိုးလာတာလို့ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။

Related posts

ရေချယ်တေဇ အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက် ဖယ်ရှား

Rakhita Times

ကစ္ဆပနဒီတံတားကို စကမ ဗုံးကြဲ

Rakhita Times

မောင်တောတွင် ဒိုင်းနက် ရိုးရာ ပန်းမျှောပွဲ ကျင်းပ

Rakhita Times

161 comments

Leave a Comment