အာရက္ခတိုင်းမ်စ် (၅ ဇွန် ၂၀၂၆)
ဧရာဝတီတိုင်း ပုသိမ်ခရိုင် သာပေါင်းနဲ့ ရေကြည်မြို့နယ်အစပ်ကို ရွေးတုအစိုးရတပ်က စစ်ကြောင်းထိုးလာတာကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ဗိုလ် ၂ ဦး အပါအဝင် တပ်သားသစ် ၇၀ ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“မေလ နောက်ဆုံးအပတ်နဲ့ ဇွန်လ ပထမအပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် ရောက်ရှိလာပြီး စစ်ကြောင်းထိုးနေတဲ့အပြင် ရက္ခိုင်ရိုးမပေါ်ကိုအသွား မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က အရာရှိ ၂ ဦး အပါအဝင် ၇၀ ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်သတင်းပေးထံက သိရပါတယ်” လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဆိုပါတယ်။
ဇွန်လဆန်းက စတင်ကာ သာပေါင်းနဲ့ ရေကြည်မြို့နယ်အစပ်ရှိ သရက်ကုန်း၊ ရွှေရင်မျှော်၊ ဘုရားကြီး၊ ညောင်မှော်၊ သောင်တန်း၊ မရမ်းချို၊ ဝါးတောကွင်း၊ ရွာသစ်နဲ့ ကျောက်ခဲနီ စတဲ့ ကျေးရွာတွေကို ရွေးတုအစိုးရတပ်သား အင်အား ၃၀၀ ကျော် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
အဆိုပါ ကျေးရွာတွေက ဘုရားများနဲ့ ဘုန်းကြီးကျောင်းများတွင် အခြေစိုက်တပ်စွဲကာ အနောက်ရိုးမဘက်နဲ့ ပေါက်တူးဘက်ကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
“အဲဒီစစ်ကြောင်းက ဂွမြို့နယ်ဖက်ကို စစ်ကြောင်းထိုးရန် ရက္ခိုင်ရိုးမပေါ်ကို တက်ရောက်စဉ် လမ်းခရီးတွင် မိုင်းနင်းမိခြင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်သား ၇၀ ခန့် သေဆုံးခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ရိုးမပေါ်တွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီး ဒဏ်ရာရတပ်သားတွေကို နွားလှည်းများ၊ သစ်ကားများနဲ့ ပြန်သယ်လာခဲ့တယ်” လို့လည်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တပ်သား ၃၀ ခန့်ကို စက်လှေတွေနဲ့ နတခ မဆရ (၄) စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

232 comments