အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေမှာ ဖွင့်လှစ်ထားတဲ့ အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် ကလေးငယ် ၁၂ ဦး အထိ ရှိလာနေပြီလို့ သိရပါတယ်။
“လက်ရှိမှာတော့ ကလေး ၁၂ ယောက်နဲ့ ဝန်ထမ်း ၅ ယောက် ရှိပါတယ်။ ၁၈ နှစ်ပြည့်တဲ့အထိ ပညာရေး၊ ကျမ်းမာရေး၊ စားဝတ်နေရေး စတဲ့ အရာအားလုံးကို တာဝန်ယူ ပြုစုသွားမှာဖြစ်ပြီး ၁၈ နှစ်ပြည့်ပြီးနောက်မှာတော့ ကလေးတွေရဲ့ သဘောဆန္ဒအတိုင်း ကျောင်းက ပံ့ပိုး ကူညီ သွားမယ်” လို့ အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်း ပြန်ကြားရေးကော်မတီနဲ့ ဗဟိုကော်မတီဝင် ကိုမင်းသန်းစိုးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခလူငယ်ဖွံ့ဖြိုးရေးကျောင်းကို ဦးဦးလှစော ဦးဆောင်မှုနဲ့ ဗဟိုကော်မတီဖွဲ့စည်းပြီး ကော်မတီဝင်များနဲ့ တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။
“ကျောင်းတည်ထောင်ရတာက အာရက္ခတိုင်းပြည်အတွင်း ဘဝလုံခြုံပြီး၊ ကာယ ညာဏ ဖွံဖြိုးတိုးတက်ပြီး အာရက္ခနိုင်ငံကို ခေါင်းဆောင်နိုင်တဲ့ အနာဂတ်နိုင်ငံသားကောင်း ရတနာများ ပေါ်ထွက်လာစေဖို့ ရည်မှန်းထားပါတယ်” လို့လည်း ကိုမင်းသန်းစိုးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်အတွင်း စစ်ပွဲဒဏ်ကြောင့် အမိ (သို့) အဖ ဆုံးရှုံးသွားတဲ့ ဆယ်နှစ်အောက် ကလေးငယ်တွေကို လုံခြုံအေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာရှိရှိ ပညာသင်ယူနိုင်ရန်နဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ပြီး မိမိကိုယ်ပိုင်ဘဝကို အဆင့်အတန်းရှိရှိ ဖန်တီးတည်ဆောက်နိုင်ရန် ရည်ရွယ်ပြီး အာရက္ခလူငယ် ဖွံဖြိုးရေးကျောင်းကို စတင် တည်ထောင်ခဲ့တာလို့လည်း သိရပါတယ်။
