BusinessNewsPolitic

တိုက်ပွဲတွေပြင်းထန်နေပေမယ့် စစ်တွေမှာ ကုန်ဈေးမတက်

အာရက္ခတိုင်းမ်စ် (၁၂ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပေမယ့်လည်း ကုန်တင်သင်္ဘောတွေ ရောက်နေတာကြောင့် စစ်တွေမှာ ကုန်ဈေး မတက်သေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ရက္ခိုင်ပြည် စစ်တွေ-ပုဏ္ဏားကျွန်းကြားနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့အကြား တိုက်ပွဲတွေဟာ ပြင်းထန်နေတာပါ။

စက်တင်ဘာလ ၈ ရက်က စစ်တွေမြို့ကို လက်နက်ကြီးတွေ ကျရောက်ခဲ့တာကြောင့် အခြေခံ စားသောက်ကုန်တွေကို အလုအယက် ဝယ်ယူခဲ့ကြတဲ့အတွက် ကုန်ဈေးနှုန်း အနည်းငယ် မြင့်တက် သွားခဲ့သေးတာပါ။

ဒါပေမယ့် လက်ရှိမှာ ကုန်တင်သင်္ဘော ၃ စီး စစ်တွေမြို့ကို ဝင်လာတာကြောင့် ကုန်ဈေးနှုန်းတွေ မတက်သေးကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စစ်တွေမြို့မှာ သင်္ဘောတွေ ပြန်ဝင်နေတာဖြစ်လို့ အခုကတော့ စားသောက်ကုန်တွေ ပြန်လို့ ဈေးကျပါတယ်။ ကြက်သွန်နီ တစ်ပိဿာကို အရင်က တစ်သောင်းခြောက်ထောက်၊ တစ်သောင်းခွဲ။ အခု တစ်သောင်းနှစ်ထောင်။ အားလူးတစ်ပိဿာလည်း တစ်သောင်းနှစ်ထောင်ပါ။ သင်္ဘော ၃ စီးတောင် ဝင်တယ်ဆိုတော့ ကုန်ပစ္စည်းတွေ အများကြီး ပါလာမယ် မဟုတ်လား။ ဈေးတန်တန်နဲ့ စားရမှာပေါ့။ သင်္ဘောသွားပြီဆိုတာနဲ့ ဈေးတွေက ပြန်တက်တော့မှာ။ ကုန်သည်တွေက ဝယ်ပြီး လှောင်ထားကြမှာ” လို့ သူက ပြောပါတယ်။

စစ်ရေးပြင်းထန်နေမှာကြောင့် အာရက္ခတပ်တော်ကို တိုက်ခိုက်ဖို့ စစ်တပ်က တပ်မ ၁၁ ခု သုံးထားတယ်လို့ ကြံ့ဖွံ့ပါတီက အယောင်ဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

လက်ရှိမှာ သင်္ဘော ကမ်းကပ်နေသေးတာကြောင့် ကုန်ဈေးနှုန်း မတက်သေးပေမယ့် သင်္ဘောတွေ ပြန်ထွက်ပြီဆိုပါက ကုန်သည်တွေက ဈေးတက်တော့မှာဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဲဒါကတော့ အခုလောလောဆယ်တော့ ဘယ်လှောင်ကြဦးမလဲ။ အခုတော့ မလှောင်ကြသေးဘူး။ သင်္ဘောပေါ်က ကုန်တွေက ကုန်းထက်ကို တင်ပြီး ရောင်းနေကြတာကို။ ဘယ်အချိန် လှောင်မလဲဆို သင်္ဘောပေါ်ကကုန်တွေ အားလုံး ကုန်းပေါ်ကို ရောက်ပြီ။ မြို့ထဲကို ရောက်ပြီဆိုရင်တော့ မွတ်ဆလင်တွေမှာလည်း မွတ်ဆလင်ရွာတွေကို အားလုံးပိတ်ထားတယ်လေ။ အဲဒီမှာ လှောင်ထားတာ တစ်မျိုးရှိဖို့။ ဒီဘက်က ရက္ခိုင်ရွာတွေမှာလည်း ရက္ခိုင်ကုန်သည်တွေ လှောင်ထားတာ တစ်မျိုးရှိပါဖို့။ သင်္ဘောထွက်သွားပြီဆိုရင်တော့ အားလုံးတက်ပါပြီ။ သင်္ဘော ကမ်းက ခွါတယ်ဆိုတာနဲ့ အဲဒီပစ္စည်းတွေ အားလုံး ဈေးတက်ပါပြီ” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကို စက်တင်ဘာလ ၁၁ ရက် မနက် ၄ နာရီ ဝန်းကျင်မှာ စစ်တွေ အခြေစိုက်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတာကြောင့် စစ်ရှောင်အမျိုးသမီးတစ်‌ယောက် သေဆုံးတယ်လို့ သိရပါတယ်။

Related posts

ဉာဏ်တောနဲ့ရွှေသွန်းရွာတွင် TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

ကပစ ၁၆ အထိ AA ထိုးစစ် ရောက်ရှိလာနေ

Rakhita Times

ရွေးတုအစိုးရက ကမ်းစပ် ၃ နေရာကို လက်နက်ကြီးနဲ့ပစ်၊ ၁ ဦး သေဆုံးပြီး ငါးဖမ်းလှေ ၁ စီး မီးလောင်ပျက်စီး

Rakhita Times

Leave a Comment