BusinessNews

မြန်မာမတ်ပဲကို တန်ချိန် ၅ သိန်းအထိ တိုးမြှင့်ဝယ်ယူရန် အိန္ဒိယနိုင်ငံကို ကမ်းလှမ်းထား

မြန်မာမတ်ပဲကို တန်ချိန် ၅ သိန်းအထိ တိုးမြှင့်ဝယ်ယူရန် အိန္ဒိယနိုင်ငံကို ကမ်းလှမ်းထား

အာရက္ခတိုင်းမ်စ် (၄- နိုဝင်ဘာ -၂၀၂၄)

မြန်မာမတ်ပဲကို လာမည့် ၂၀၂၅ ခုနှစ်မှ စတင်ပြီး တန်ချိန် ၅ သိန်းအထိ ဝယ်ယူရန် အိန္ဒိယကို ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်းထံမှ သိရပါတယ်။

အိန္ဒိယ – မြန်မာ မတ်ပဲကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (MOU) တွင် လက်ရှိ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ် မတ်လအထိ တန်ချိန် ၂ ဒသမ ၅ သိန်းသာ ဝယ်ယူရန် ချုပ်ဆိုထားခြင်းဖြစ်သည့်အတွက် လာမည့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် အသစ်ချုပ်ဆိုမည့် MOU တွင် တန်ချိန် ၅ သိန်း တိုးမြှင့်ဝယ်ယူရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်တွင်းမှ ထွက်ရှိသည့် မတ်ပဲ ဈေးကွက် ခိုင်မာရန်နှင့် ပိုမိုတင်ပို့နိုင်ရန်အတွက် တန်ချိန် ထပ်တိုးရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်း နှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“MOU အနေနဲ့တော့ ထိုးထားတယ်၊ ထိုးထားပေမယ့် ကျနော်တို့ တကယ်ကတော့ သူတို့က free ပေးနေတဲ့အချိန်မှာ ကျနော်တို့က အဲဒါတောင် သိပ်မသုံးရဘူးပေါ့။ ကျနော်တို့က သူတို့ သတ်မှတ်ထားတာထက် ပိုပို့နိုင်တာမျိုးပေါ့။ ကျနော်တို့ဘက်ကနေပြီးတော့ သူတို့ကို အဆိုပြုတယ်၊ ၅ သိန်းအထိတောင် ယူပါပေါ့၊ MOU ထိုးပါပေါ့။ လက်ခံပါပေါ့၊ နောက်တခါ ကျနော်တို့ MOU ထိုးထားလို့ ဈေးကွက်က ပိုပြီး သေချာတဲ့ သဘောပေါ့။ ပမာဏ ပိုများတယ်၊ ရောင်းဝယ်တာ ပိုပြီးတော့ စိတ်ချလက်ချ ပါသွားတာပေါ့၊ စိုးရိမ်စရာ မရှိဘူးပေါ့။ ကျနော်တို့က ၂ သိန်းခွဲကနေပြီးတော့ ကိုယ့်ပြည်တွင်းက ထွက်နေတဲ့ အခြေအနေတွေ၊ ဈေးတွေနဲ့ဆိုတော့ တိုးထားမှ ဖြစ်မယ်ဆိုပြီးတော့ အဲဒီလို မြင်ပြီးတော့ တောင်းထားတဲ့ သဘောပါ” ဟု အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အိန္ဒိယက ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြန်မာမတ်ပဲကို တန်ချိန် ၂ ဒသမ ၅ သိန်း ထပ်မံတိုး၍ ဝယ်ယူမည်ဆိုပါက အခွန်ကင်းလွတ်ခွင့် တင်ပို့ခွင့် ရမည်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင် မတ်ပဲလိုအပ်ချက် မြင့်တက်နေခြင်းနှင့် ပဲစိုက်ပျိုးမှု လျော့ကျလာခြင်းတို့ကြောင့် ပဲလိုအပ်ချက် အများအပြား ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်ကို နှစ်စဉ် တိုးမြှင့်၍ ဝယ်ယူလျက် ရှိနေပါတယ်။

မြန်မာ့မတ်ပဲကို အိန္ဒိယနိုင်ငံက အဓိကဝယ်ယူလျက်ရှိနေပြီး ပြည်တွင်းမတ်ပဲဈေး အတက်အကျသည် အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားအပေါ်တွင် သက်ရောက်သော်လည်း လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းကြောင့် ဈေးနှုန်း မတည်မငြိမ် ဖြစ်နေရခြင်း ဖြစ်ပါတယ်။

မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ တာဝန်ခံ ဦးနေဝင်းစိုးက “ဈေးကွက်ကတော့ ပိုပြီးတော့ ခိုင်ခိုင်မာမာ ဖြစ်သွားတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ဝယ်နေတာပါပဲ။ ထွက်သမျှ မတ်ပဲကို။ ဈေးနည်းနည်း ကျသွားလိုက်၊ ဈေးနည်းနည်း ပြန်တက်လာလိုက်၊ အခုလက်ရှိက ဒီမှာ ဈေးအတက်အကျ ဖြစ်နေရတဲ့ အကြောင်းအရင်းကလေ ဒီမှာရှိတဲ့ ငွေကြေးဈေးက မခိုင်မာလို့လေ။ အဲဒီအပေါ်မှာ လိုက်ပြီးတော့ ဈေးအတက်အကျ ဖြစ်တာက များတယ်။ ထွက်သမျှ မတ်ပဲ အကုန်ဝယ်တယ်။ လက်ကျန် ကျန်ခဲ့တယ်ဆိုတာ မရှိသလောက်ပဲ။ ဒါ့ကြောင့် ခါတိုင်း တန်ချိန် ၂ သိန်းခွဲ ဝယ်တယ်။ အခု တန်ချိန် ၅ သိန်းလောက် ဝယ်မယ်ဆိုပါစို့။ အနိမ့်ဆုံး MOU မှာ တန်ချိန် ၂ သိန်းခွဲလို့ ပြောတယ်။ အနိမ့်ဆုံး တန်ချိန် ၂ သိန်းခွဲကို ဝယ်ပေးပါမယ်ဆိုတဲ့ သဘောတူညီချက် ရတဲ့သဘော။ အခု နောက် ၂ ဆ တိုးတယ်ဆိုလို့ရှိရင်လည်း တန်ချိန် ၅ သိန်းလောက် ထပ်ပြီးတော့ တိုးမယ်ဆိုပါစို့။ ကျနော်တို့ တန်ချိန် ၅ သိန်း ဝယ်ပေးပါမယ်လို့ ကတိကဝတ် ပြုတဲ့သဘောပါပဲ” ဟု အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မြန်မာမတ်ပဲကို အိန္ဒိယက တန်ချိန် သိန်းဂဏန်းအထိ ထပ်တိုး ဝယ်ယူမည်ဆိုပါက လာမည့် ပဲစိုက်ရာသီတွင် မတ်ပဲစိုက်ပျိုးမှု များလာနိုင်သည့်အပြင် မတ်ပဲအသစ်ပေါ်ချိန်တွင်လည်း ဈေးကွက်ကောင်းနိုင်ပြီး လက်ရှိနှုန်းထားထက် ကျဆင်းသွားနိုင်ခြေ မရှိကြောင်း ကုန်သည်များ နှင့် တောင်သူများက သုံးသပ်နေကြပါတယ်။

ပြီးခဲ့တဲ့နှစ်တွင် အိန္ဒိယနိုင်ငံသို့ မတ်ပဲ တန်ချိန် ၆ သိန်းကျော် တင်ပို့ထားနိုင်သော်လည်း လက်ရှိ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇ သိန်းကျော် တင်ပို့နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

Related posts

မူဆယ်မြို့ရှိ ပွဲစားများကို ဌာနဆိုင်ရာများ အရေးယူသင့်

Rakhita Times

သံတွဲစစ်ဘေးရှောင်တွေ လေကြောင်းရန်ကြောင့် လမ်းဘေးဝဲယာတွေမှာ အိပ်နေရ၊ အရေးပေါ်စောင်လိုအပ်

Rakhita Times

အမ်းမှ ထွက်ပြေးလာသော ဗိုလ်မှူး အပါအဝင် ၁၄ ဦး ဖမ်းမိ၊ ၂ ဦး အသေရ

Rakhita Times

Leave a Comment