NewsPolitic

ပလက်ဝကိစ္စ ပလက်ဝမှာရှိတဲ့ ပြည်သူတွေကပဲ ဆုံးဖြတ်မှာ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၇ ဇူလိုင် ၂၀၂၅)

လက်တလောမှာ အငြင်းပွားစရာဖြစ်နေတဲ့ ပလက်ဝနယ်မြေကိစ္စကို ပလက်ဝဒေသမှာရှိတဲ့ ပြည်သူတွေကပဲ အဆုံးအဖြတ်ပေးရမှာဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အငြင်းပွားမှုကိစ္စတွေမှာ အဲဒီဒေသနေ ပြည်သူတွေရဲ့ အဆုံးအဖြတ်မဟုတ်ဘဲ ဘေးပယောဂ အသံတွေက ပိုပြီး ကျယ်လောင်နေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒီဟာတွေကတော့ အချိန်တစ်ခုမှာ သူ့ဟာသူ ပြေလည်သွားမယ့်ဟာပါ။ အခုဟာက အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အဆုံးအဖြတ်မဟုတ်ဘဲနဲ့ ဘေးပယောဂတွေကို ပိုပြီး အသံတွေ ကျယ်လောင်နေတယ်လို့ မြင်တယ်။ တချို့တချို့ဆို ကိုယ့်မှာ ဘာဩဇာအာဏာမှလည်း မရှိဘူး။ ဒေသအတွက်လည်း ဘာမှ လုပ်ခဲ့တာမဟုတ်ဘဲနဲ့ ဘေးအသံတွေ ကျယ်လောင်နေတဲ့အတွင်းမှာ ဒီပြဿနာကြီးက ဘေးပယောဂတွေကြောင့် အကြီးကြီးဆိုတဲ့ဟာမျိုး မြင်လာကြတဲ့သဘောပဲ ရှိပါတယ်။ တကယ့်တကယ်ကြတော့ အဲဒီ ပလက်ဝကိစ္စက ပလက်ဝဒေသမှာရှိနေတဲ့ ပြည်သူတွေက အဆုံးအဖြတ်ပေးရမှာပါ။ အဲဒီဒေသထဲက အသံက ဒီလောက်မရှိပါဘူး။ အပြင်အသံက ပိုပြီး ကြီးနေတယ်။ အဲဒါကြောင့် အပြင်ကနေ တကယ် စေတနာရှိလို့ ဒီအသံကို ထွက်တာလား။ သက်သက် အာရက္ခတပ်တော်အပါအဝင် အဲဒီဒေသမှာရှိနေတဲ့ ပြည်သူတွေကို ဒုက္ခပိုကြီးစေချင်လို့ အခုလို မီးမောင်းထိုးနေကြတာလားဆိုတဲ့မေးခွန်း သူတို့ကို ပြန်မေးခွန်းထုတ်ချင်ပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ ပလက်ဝကို အာရက္ခတပ်တော်က စစ်ကောင်စီတပ်များကို အနိုင်တိုက်ခိုက်ကာ သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက AA ဟာ ရက္ခိုင်ပြည်အတွင်းက မြို့နယ်တွေကို ခရိုင်တွေ ခွဲခြားဖွဲ့စည်းမယ့် အကြောင်းနဲ့ အဲဒီခရိုင်တွေထဲမှာ ပလက်ဝကိုလည်း ရက္ခိုင်ပြည်ထဲ ထည့်သွင်းထားကြောင်း သတင်းဖော်ပြခဲ့ကြပေမယ့် ပြန်လည်ဖြုတ်ချသွားခဲ့ကြပါတယ်။

အဲဒီနောက် ချင်းနဲ့ ရက္ခိုင်တို့အကြား ပလက်ဝဒေသ အငြင်းပွားမှုဟာ စတင်လာခဲ့ကြတာပါ။

ပလက်ဝဒေသနဲ့ပတ်သက်ပြီး အခုလိုမျိုး ပြဿနာတွေဟာ ဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဲဒါက အစကတည်းက သူ့ဘာသာသူ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစပြီး လုပ်ထဲကိုက ပလက်ဝဆိုတာက ရက္ခိုင်ဘက်နဲ့ သွားရေးလာရေး လွယ်ကူပေမယ့် ဒါက ချင်းဒေသ ဒါက ငြင်းလို့မှ မရတာ။ သူကလည်း ဘင်္ဂလားဒေ့ရှ်ဘက်က စစ်တကောင်းတောင်တန်းမှာရှိတဲ့ ရက္ခိုင်မျိုးနွယ်စုတွေနဲ့ ဆက်သွယ်ဖို့အတွက်ကို ပလက်ဝကို သိမ်းသွားတာ။ အဲဒီတော့ ဒီပြဿနာ ဖြစ်နေမှာပဲ။ ချင်းထဲမှာလည်း ဒီပြဿနာ ဖြစ်နေမှာပဲ။ အဲဒီတော့ ဒီပြဿနာက ပြီးမှာမဟုတ်ဘူး။ သူတို့လည်း အောင်မြင်မှာလည်း မဟုတ်ဘူး။ ရန်ဖြစ်စကားများရင်း နောက်ဆုံးတော့လည်း ဒုံရင်း ဒုံရင်းပဲ ပြီးသွားမှာပေါ့လေ” လို့ သူက ပြောပါတယ်။

ပလက်ဝဒေသမှာ စစ်ကောင်စီ၊ ULA/AA၊ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့-မရာ (CDF-Mara)၊ ပလက်ဝ (CDF-Paletwa)၊ ချင်းပြည်ကာကွယ်ရေးတပ်ဦး-ဒိုင်ရ် (CDF-Daai)၊ ချင်းညီနောင်တော်လှန်ရေးအဖွဲ့ တွေ လှုပ်ရှားကြပေမယ့် လက်ရှိမှာတော့ ဒေသတစ်ခုလုံးကို ULA/AA က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဒ့ါအပြင် ပလက်ဝဒေသမှာ ချင်း၊ ခူမီး အများစုနေထိုင်ကြပြီး ရက္ခိုင်နဲ့ အခြားမျိုးနွယ်စုတွေလည်း ရှိကြကာ ၂၀၁၉ ခုနှစ် ထွေ /အုပ် စာရင်းအရ ချင်းမျိုးနွယ်စု လူဦးရေ ၈၈,၀၀၀ ကျော်နဲ့ ရက္ခိုင် ၁၈,၀၀၀ ကျော် နေထိုင်တယ်လို့လည်း သိရပါတယ်။

Related posts

96 Soldiers PDF တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနား AA တက်ရောက်

Rakhita Times

ဂွမြို့ကို စကမ ဗုံး ၃ ကြိမ် လာကြဲ၊ အလုံးရေ ၈ လုံးခန့်ရှိ(Breaking News)

Rakhita Times

AA နဲ့ တွေ့ဆုံဆွေးနွေးဖို့ Chinland Council ကြိုးစားနေ

Rakhita Times

Leave a Comment