NewsPolitic

စစ်တွေကို AA ထိုးစစ်မဆင်၊ စစ်တပ်ရဲ့ ထိုးစစ်ကိုသာ စောင့်နေ

အာရက္ခတိုင်းမ်စ် (၇ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့ကို အာရက္ခတပ်တော်က ထိုးစစ်မဆင်ပဲ ရွေးတုအစိုးရတပ်ရဲ့ ထိုးစစ်ကိုသာ စောင့်နေတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

“စစ်တွေက ကျွန်းမြို့လေး ၁ မြို့ပဲလေ။ မြို့သိမ်းတိုက်ပွဲလုပ်ရင် မြို့က ပျက်စီးတာများတယ်။ အဲတော့ မြို့ကို ထိုးစစ်ဆင်ပြီး သိမ်းမယ်မထင်ဘူး။ စစ်တပ်က စစ်ကြောင်းထိုးမယ်။ စစ်ကျွံလာရင် အသာလေး ကောက်စားမယ်။ အမှည့်ချွေတယ် ပြောရမှာပေါ့။ စစ်ပဲ မြှူပြီး ခေါ်နေမှာ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဇွန်လဆန်းကလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်စပ်ကို ကျွံဝင်လာတဲ့ စစ်ရေယာဉ် ၃ စီးအနက် ၁ စီး နစ်မြှုပ်နိုင်ခဲ့ပြီး ၁ စီးကတော့ မီးခိုးအူကာ ထွက်ပြေးခဲ့ရပါတယ်။

“အခုဆိုရင် AA က သက်ကယ်ပြင်အ‌ခြေစိုက် ဒကစကိုသာ ဦးတည်တိုက်ခိုက်နေတာ တွေ့နေရတယ်။ ပြီးတော့ ကံ့ကော်ကျွန်းပေါ့။ မြို့ထဲကိုတော့ မတွေ့ရသေးဘူး။ စစ်တွေကို ထိုးရင် စစ်တပ်က လေကြောင်းကပဲ ကူမှာ၊ နောက်ဆုံး လက်လွှတ်ရမှာ သေချာရင် မစားရတဲ့အမဲ သဲနဲ့ပတ်မှာလေ။ အကုန်လုံးကို ဖျက်စီးခဲ့မှာ။ AA က အဲလို အဖြစ်မခံချင်ဘူး ထင်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ဟာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကံ့ကော်ကျွန်း၊ ဝါဘို၊ တော်ကန် စတဲ့နေရာတွေမှာလည်း မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

ကံ့ကော်ကျွန်းစခန်းဟာဆိုရင် ဒကစ ဌာနချုပ်နဲ့ ၂ မိုင်ခန့်သာ ကွာဝေးပြီး တောကန်ကတော့ ကျားမသောက်တပ်ရင်းနဲ့ မိုင်ဝက်လောက်သာ ကွားဝေးတော့တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရကလည်း စစ်တွေမြို့ လက်မလွှတ်ရရေးအတွက် စစ်မှုထမ်းဆင်းစစ်သား အင်အားအများအပြားနဲ့ ရာထူးတဆင့်တိုးပေးထားတဲ့ သန္ဓေစစ်သားတွေကို စစ်သင်္ဘာနဲ့ လာရောက် အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ထဲကို အာရက္ခတပ်တော် ဝင်ရောက်မှာကို စိုးရိမ်တာကြောင့် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို တင်းကြပ်ခိုင်းထားပြီး အဓိကအားဖြင့် မွတ်ဆလင်တွေကို မြို့တွင်းကို ဝင်ရောက်ခွင့် မပြုထားဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည် စစ်တွေမြို့မှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အပြင် အဲဒီ သတ်မှတ်ကာလမှာ အပြင်ထွက်ပါက ပစ်မိန့်ပါ ထုတ်ထားတယ်လို့လည်း သိရပါတယ်။

Photo – Myanmar Now

Related posts

ရက္ခိုင်နွားကုန်သည်တွေရဲ့ နွား ၈ ကောင်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ခိုးသွား

Rakhita Times

အဥ္ဇနပူရမြို့ ရွှေပြည်စိုးရပ်ကွက်နေပြည်သူများ ကမ်းပြိုမှုကြောင့် အကူအညီ လိုအပ်နေ

Rakhita Times

AA နဲ့ တွေ့ဆုံဆွေးနွေးဖို့ Chinland Council ကြိုးစားနေ

Rakhita Times

155 comments

Leave a Comment