အာရက္ခတိုင်းမ်စ် (၂၄ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့တဲ့ မုဒိန်းကျင့် လူသတ်ခဲ့တဲ့ တရားခံကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရန် ရက္ခိုင်ပြည်သူတွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဆိပ်ရွာနေ အသက် ၂၄ နှစ်အရွယ် မနှင်းနှင်းဝေဟာ ပျောက်ဆုံးခဲ့ပြီး ဇူလိုင်လ ၂၃ ရက်တွင် တောင်ပေါက်ကျောက်ကွင်းတွင် ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခံထားရတဲ့ အလောင်းကို ဒီလပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်အပေါ် “မုဒိန်းကျင့်ရုံသာမက စိတ္တဇလူသတ်သမားလို ရက်ရက်စက်စက် ခန္ဓာကိုယ်ကို ဖျက်ဆီးသတ်ဖြတ်ထားတဲ့အပေါ် အမျိုသမီးများနဲ့အတူ တုန်လှုပ်ကြောက်ရွံ့မိပါတယ်။ အဆိုပါ ဖြစ်စဉ်ဟာ အဆိုးရွားဆုံး၊ အယုတ်မာဆုံး ဖြစ်စဉ်တစ်ခုဖြစ်လို့ လူသတ် မုဒိန်းကျင့်တဲ့ တရားခံကို အာရက္ခဥပဒေနဲ့ အညီ အပြင်းထန်ဆုံး အပြစ်ပေး အရေးယူပေးပါရန်နဲ့ နောက်လူများ မလုပ်ဝံ့အောင် အပြစ်မျိုးပေး အရေးယူဆောင်ရွက်ပေးပါ” လို့ ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက ဒီကနေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
လူသတ် မုဒိန်းကျင့်တဲ့ တရားခံကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ဖမ်းဆီးမိထားပြီလို့ သိရပေမယ့် တရားဝင် ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။
“တရားဥပဒေ မခိုင်မာသေးတဲ့အခါ သေဒဏ်ပေးပြီး သတ်ပစ်လို့ ရပေမယ့် ဥပဒေအရ တစ်ခုခု လွဲချော်တာမျိုး၊ အဂတိကြောင့် ဥပဒေ တစ်နေရာရာမှာ ယိမ်းသွားပြီး သတ်ပြီးခါမှ မှားပါတယ်ဆိုရင် လူ့အသက်က ပြန်ခေါ်လို့ မရတာကို ဥပဒေအရ ဆင်ခြင် နားလည်ပေမယ့် ဒီတစ်ခါတော့ သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်” လို့ စာရေးဆရာ ဝေဟငအောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားတောင်းဆိုထားပါတယ်။
ရက္ခိုင်ပြည်အတွင်းက မြို့နယ်များတွင် ဖြစ်ပွားနေတဲ့ အဓမ္မပြုကျင့်မှု ကျူးလွန်သူများကို အမြန်ဆုံး တရားစီရင်ပေးရန် အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူက တောင်းဆိုဖူးပါတယ်။
အာရက္ခတပ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEPS) က အဓမ္မပြုကျင့်မှု ကျူးလွန်သူများကို ထောင်ဒဏ်တသက် သို့မဟုတ် အနည်းဆုံး ထောင်ဒဏ် ၂၀ နှစ်အထိ ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
