မောင်ညိုမှိုင်း(စက်သား)
အာရက္ခပြည်တွင် ဇူလိုင်လ ၁ ရက်နေ့မှစ၍ အခြေခံကျောင်းများ စတင် ဖွင့်လှစ်လာကြသည်။ နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေးသည် အခရာ ကျသည်။ အဘယ်ကြောင့်နည်း။ နိုင်ငံ၏ ပညာရေးစနစ် ကောင်းမွန်မှသာ ထိုနိုင်ငံ၌ ပညာပြည့်ဝ နှလုံးလှကြသော အသိပညာရှင် အတတ်ပညာရှင် လူငယ်များ (လူ့အရင်းအမြစ်များ) ရှိလာမည်ဖြစ်ပြီး ထိုသူတို့ဖြင့်ပင် နိုင်ငံဖွံ့ဖြိုးဆောင် တည်ဆောက် ဆောင်ကြဥ်း နိုင်သောကြောင့်ပင်ဖြစ်သည်။
ကျနော်တို့ အာရက္ခပြည်တွင် အာရက္ခပြည် ဖွံ့ဖြိုးတိုးတက်စေရန် အာရက္ခအစိုးရသည် ယခင်ဗမာ ကျွန်ပညာရေးစနစ်ကို တော်လှန်မှုပြုပြီး အာရက္ခပညာရေးစနစ်သစ် အပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်လာသည်။ ရှင်းရှင်းပြောရလျှင် လွတ်လပ်သော ပညာရေးစနစ်ကို တည်ဆောက်လာခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ကိုယ့်ပြည်၏ ကြမ္မာကို ဖန်တီးနိုင်မည့် ကောင်းမွန်သော ပညာရေးစနစ်သစ် တစ်ရပ်ကို ပြောင်းလဲ တည်ဆောက်လာခြင်း ဖြစ်သည်။
ဥပမာ ကောင်းမွန်သော ဆရာအတတ်သင်ကျောင်းများ ဖွင့်လှစ်ပြီး ဆရာသစ်များ ခေါ်ယူခြင်း၊ ဘွဲ့လွန်ဒီပလိုမာဆရာသစ်များ ခေါ်ယူခြင်း၊ ဆရာအင်အား ဖြည့်ရန် ပြင်ဆင်ခြင်းနှင့် အခြားသော ပညာရေးလုပ်ငန်းစဥ်များအား ဆောင်ရွက်လာသည်။ သို့ကြောင့် ပြည်သူများက အစိုးရ အပြောင်းအလဲနှင့် ပညာရေးအပြောင်းအလဲဟု အားရဝမ်းသာ ကောက်ချက်ချကြသည်။ ဟုတ်သည်။ မှန်သည်။ သို့သော် အစိုးရက ပညာရေးစနစ်သစ် မည်မျှပင် ရေးဆွဲ ပြဌာန်းစေကာမူ ပညာရေး၏ အရင်းခံများ ဖြစ်ကြသော မိဘနှင့် ဆရာများက သူတို့၏ mind-set (ပုစံကျနေသော အမြင်၊ ပုံသေအတွေး) ကို မပြောင်းလဲနိုင်မချင်း မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ ကောင်းမွန်သော ပညာရေးစနစ်သစ်တစ်ခု ပေါ်ပေါက်၍ မလာနိုင်ပါ။ မိဘနှင့် ဆရာများက ပြောင်းလဲရမည်ဟု ဆိုရာတွင် မည်သည်ကို ပြောင်းလဲရမည်နည်း။
မိဘများ ပြောင်းလဲရမည်ကို ဦးစွာ ပြောလိုသည်။ မိဘများသည် မိမိတို့၏ သားသမီးများကို မိမိတို့၏ မျှော်မှန်းချက်အတိုင်း ပုံသွင်းလိုကြသည်။ ဥပမာ မိမိတို့၏ သားသမီးများကို ဆရာဝန် ဖြစ်စေချင်ကြသည်။ အင်ဂျင်နီယာ ဖြစ်စေချင်ကြသည်။ သားသမီးတို့၏ ဖြစ်ချင်သော ဆန္ဒကို လျစ်လျူရှုကြသည်။ ဤသည်မှာ အလွန်အရုပ်ဆိုးသော အကျဥ်းတန်သော အယူအဆများပင် ဖြစ်နေသည်။ သို့သော် ကလေးများအားလုံး ဆရာဝန် မဖြစ်ကြ။ အင်ဂျင်နီယာ မဖြစ်ကြပါ။ မိဘများ၏ဆန္ဒ မျှော်မှန်းချက်နှင့် သွယ်ဖယ်လာရသည်။
သားသမီးများက ဆရာဝန် မဖြစ်ချင်ကြ။ အင်ဂျင်နီယာ မဖြစ်ချင်ကြ။ ကိုယ့်အိပ်မက်ကို ကိုယ်တိုင် ပုံဖော်ချင်ကြသည်။ သို့သော် ပုံဖော်ခွင့် မရကြ။ မိဘများက ဤသို့ ဖြစ်ရမည်ဟု မိမိဆန္ဒကို ရှေ့တန်းတင်၍ ပုံသွင်းကြသည်။ ဖြစ်မလာလျှင် စောဒက တက်ချင်ကြသည်။ ထို့ကြောင့် မိဘများ၌ရှိသော ပုံသွင်းတတ်သည့် mind -set (ပုံစံကျနေသောအမြင်၊ ပုံသေအတွေး) ကို အပြောင်းအလဲ လုပ်ကြရမည် ဖြစ်သည်။ အကယ်၍ ပုံသွင်း၍ ရသည်ထားဦး။ ပုံသွင်းခံရသော သားသမီးများသည် ကောင်းမွန်သော ထက်မြက်သော အသိပညာရှင် အတတ်ပညာရှင်များ ဖြစ်မလာနိုင်ပါ။ အယောင်အဆောင်မျှသာ ဖြစ်လိမ့်မည်။
ပညာရေးသည် နိုင်ငံရေးဖြစ်၏။ ကျောင်းသားများသည် နိုင်ငံလူ့ရင်းမြစ်များသာတည်း။ ပုံသွင်းခံရသော ကျောင်းသားများသည် မည်သို့မျှ နိုင်ငံအတွက်အကျိုးမပြုနိုင်။ ကျောင်းသားတိုင်းတွင် အိပ်မက်ကိုယ်စီ ရှိကြသည်။ တစ်ဦးနှင့်တစ်ဦး အိပ်မက်ချင်း မတူကြ။ ဤသည်ပင်လျှင် သဘာဝကပေးသော အလှတရား တစ်ခုပင်။ သဘာဝကို လက်ခံ၍ ကလေးများ၏ အိပ်မက်များအား လက်တွေ့ဖြစ်လာစေရန် မိဘများက ပူးပေါင်း ဆောင်ရွက်ကြရပါလိမ့်မည်။ဆရာဝန် ဖြစ်ချင်သော ကလေးကို ဆရာဝန်။ ရှေ့နေ ဖြစ်ချင်သူကို ရှေ့နေ။ သိပ္ပံပညာရှင် ဖြစ်ချင်သူကို သိပ္ပံပညာရှင်။ နိုင်ငံရေးသမား ကုန်ထုတ်သမား ကျောင်းဆရာ ဝပ်ရှော့ဆရာ ပန်းပဲဆရာ ဂီတပညာရှင် စစ်သည်တော် သူနာပြု မျက်လည့်ဆရာ လယ်သမား တောင်သူ ဘာသာရေးဆိုင်ရာ တရားဟောသူ စသည်ဖြင့် ကလေးများ၏ ဆန္ဒကို ဦးစားပေးမှသာလျှင် ကိုယ်အိပ်မက်အတိုင်း ဖြစ်လာကြလိမ့်မည်။ သို့မှသာ ကျောင်းသားများမှာ နိုင်ငံအတွက် အရောင်အသွေး စုံလင်သော လူ့အရင်းအမြစ်များ ဖြစ်လာကြပါလိမ့်မည်။ ယခုမူ အစိုးရ အပြောင်းအလဲတွင် ပညာရေးအပြောင်းအလဲ ဖြစ်လာသည်ကို မိဘများက လက်ကမ်းကြိုဆို နေကြသော်လည်း မိမိတို့ ပြောင်းလဲရမည့် အခြင်းအရာများကို မပြောင်းလဲလျှင် အာရက္ခပညာရေး အပြောင်းအလဲမှာ ယခင်နည်းတူ သမားရိုးကျ ပညာရေးအဖြစ်သို့ ရောက်သွားနိုင်သည်။ ထို့ကြောင့် မိဘများက မိမိတို့၏ mind-set (ပုံစံကျနေသောအမြင်၊ပုံသေအတွေး) ကို ပြောင်းလဲရမည် ဖြစ်သည်ဟု ပြောချင်သည်။ ပြောင်းကို ပြောင်းလဲရမည်။ ပြောင်းလဲစတွင် စိတ်ပင်ပမ်းကောင်း ပင်ပန်းမည်။ သည်းခံရမည်။ ရလာမည်ကို စိတ်ရှည်လက်ရှည် ယုံကြည်ရန် လိုသည်။ သတ္တိလည်း ရှိရမည်။ ပြောင်းရမည်ကို လက်ခံကြစေချင်သည်။
ယခင် ဗမာကျွန်ပညာရေးစနစ်ကို လှန်လောကြည့်ပါလျှင် အယူအဆ အတွေးအေခါ်များ ပြောင်းပြန် ဖြစ်နေသည်ကို တွေ့နေရသည်။ ဆရာဝန်ဖြစ်မှ ဝင်ငွေကောင်းမည်။ အင်ဂျင်နီယာဖြစ်မှ ဝင် ငွေကောင်းမည်။ မြန်မာဘာသာစကား ကျွမ်းကျင်သူဆို အထင်မကြီး။ ပညာရေးက စျေးကွက်ဆန်နေသည်။အသိပညာရှင် အတတ်ပညာရှင် ဖြစ်လာမည်ကို ဦးစားမပေး။ ဝင်ငွေတစ်ခုဖြင့် ဘဝရပ်တည်နိုင်ရေးကိုသာ ဦးစားပေးသော ပညာရေးစနစ်ကြီး ဖြစ်သည်။သို့သော် မိဘများ အပြစ်မဟုတ်။ စနစ်နှင့် အစိုးရ၏ စီမံမှု ချို့ယွင်းချက်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပညာရေးသည် အလုပ်အကိုင် ရရှိမှုအပေါ်တွင် မူတည်နေသည်။ စားဝတ်နေရေး ပြေလည်မှုအပေါ်တွင် မူတည်နေသည်။ ပညာရေး၏ အနှစ်သာရ ပဓာနလုပ်ငန်းဖြစ်သော စဥ်းစားခြင်းဖြစ်စဥ်ကို မေ့ထားကြရသည်။ မိဘများက မိမိတို့၏ သားသမီးများအား ဝင်ငွေကောင်းကောင်း ရရှိမည့် အလုပ်တစ်ခုရရန် အားခဲလာကြသည်။ ဤတွင် သားသမီးများက ကျိုးကြောင်း ဆက်စပ် တွေးတောမှု စဥ်းစားတွေးခေါ်မှုများ ပျက်ကွက်လာခဲ့ရသည်။ စဥ်းစား တွေးခေါ်မှု ပျက်ကွက်ခဲ့သော ကျောင်းသားတစ်ယောက်သည် ဆရာမိဘ ပံ့ပိုးမှုကြောင့် ဆရာဝန် အင်ဂျင်နီယာ ဖြစ်လာသော်လည်း နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လာရသည်။ အားကိုရသော အသိပညာ အတတ်ပညာရှင် ဆရာဝန်များ ဖြစ်၍မလာ။
ပညာရေးဟူသည် အဘယ်သို့တည်း ဆိုသည်ကို မိဘများ သိထားကြရမည်။ သိသိကြီးဖြင့် လျှောက်လှမ်းနေကြသော မိဘများလည်း သတိ အသိ ဝင်သင့်သည်။ ပညာရေးဟူသည် မည်မျှပင် ဂုဏ်ရှိသည်ဖြစ်စေ မည်မျှပင် ငွေရှိသည်ဖြစ်စေ မည်မျှပင် ဗဟုသုတ ကြွယ်ဝသည်ဖြစ်စေ မည်မျှပင် အာဏာရှိသည်ဖြစ်စေ မည်မျှပင် ကျန်းမာနေသည်ဖြစ်စေ မိမိတို့၏ ပြင်းပြသော စိတ်ဆန္ဒများကို မထိန်းကျောင်းနိုင်သရွေ့ ကျန်းမာချမ်းသာစွာ နေရေးအတွက် အာမခံချက် မရေရာ။ ကျန်းမာချမ်းသာစွာ နေရေးအတွက် အာမခံချက်သည် မိမိတို့၏ ပြင်းပြသော ဆန္ဒများကို ထိန်းကျောင်း ချုပ်တည်းနိုင်ရေးပင် ဖြစ်သည်။ စိတ်ဆန္ဒများကို ထိန်းကျောင်း ချုပ်တည်းနိုင်စေရန် အခြေခံ လိုအပ်ချက်သည် စဥ်းစားခြင်းဖြစ်သည်။ စဥ်းစားတတ်အောင် လေ့ကျင့်ခြင်းသည် ပညာရေး ဖြစ်သည်။ပညာရေးစနစ် မှန်ကန်လာလျှင် စဥ်းစားတတ်လာမည်။ စဥ်းစားတတ်ခြင်း စဥ်းစားနိုင်ခြင်းသည် အသိဉာဏ် ရှိခြင်းဖြစ်သည်။ အသိဉာဏ်ရှိလျှင် စိတ်ဆန္ဒများကို ထိန်းကျောင်း ချုပ်တည်းနိုင်လာမည်။ အသိဉာဏ်ရှိလျှင် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ် တည်ဆောက်နိုင်လာမည်။ အသိဉာဏ်ရှိလျှင် လူ့ဘောင်ကလိုအပ်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက် ပေးတတ်လာမည်။ ကျန်းမာစွာ နေတတ်လာမည်။ ချမ်းသာစွာ နေတတ်လာမည်။ ဤကား ပညာရေး၏ အနှစ်သာရပင် ဖြစ်သည်။ ထို့ကြောင့် မိဘများအနေဖြင့် မိမိ၏ သားသမီးများအား အမှတ်ရရေးထက် စဥ်းစားတတ်လာအောင် ပံ့ပိုးမှုများသာ ပြုလုပ်ရမည်။သားသမီးများ ဝါသနာ မျှော်မှန်းချက်များကိုသာ ဦးစားပေးသင့်သည်။ သို့မှသာ သားသမီးများ ပျော်ရွှင်လာမည်။ သူ့တို့ ရွေးချယ်သော နယ်ပယ်၌ ကျွမ်းကျင်လာမည်။ စဥ်းစားတတ်သူများ ဖြစ်လာမည်။ ထိုမှ နိုင်ငံတော်က အားထားရသော တန်ဖိုးရှိသောသူများ ဖြစ်လာကြပါလိမ့်မည်။
တဖန် ဆရာများ ပြောင်းလဲရမည့် လိုအပ်ချက်များကို ပြောလိုသည်။ မိဘများနည်းတူ ဆရာများတွင်လည်း သူတို့၏ mind-set (ပုံသေအတွေး၊ ပုံသေအမြင်) ကို ပြောင်းလဲရန် လိုအပ်သည်။ တိုင်းပြည်တစ်ပြည် တည်ဆောက်ရေးတွင် ဆရာများ၏ အခန်းကဏ္ဍသည် အရေးပါဆုံး ဖြစ်သည်။ မြေဖြူကိုင်သောလက်ပိုင်ရှင်များကသာလျှင် နိုင်ငံအတွက် လိုအပ်သည့် အရောင်အသွေး စုံလင်သော အသိပညာရှင် အတတ်ပညာရှင်များ မွေးထုတ်နိုင်သည်။ ဆရာများကိုယ်တိုင်ကလည်း စဥ်းစားခဲ့ပြီးသူများ ဖြစ်ရန် လိုသည်။ စဥ်းစားဆဲသူများ ဖြစ်ရန် လိုအပ်နေသည်။ စဥ်းစားခြင်းကို ထာဝရ ဘဝတစ်လျှောက်လုံးဆောင်ရွက်ကြရန် လိုသည်။ ဆရာအတတ်က လွန်စွာ ကျယ်ပြန့်သောကြောင့် ထင်ရာ သင်၍ မရပေ။ ယနေ့ခေတ်တွင် ဆရာများအပေါ်မိဘတို့၏ မျှော်မှန်းချက်မှာ ဆရာသည် ကျောင်းသားများ၏ လုပ်ရမည့်အလုပ်ကို အကုန် လိုက်လုပ်စေလိုခြင်း ဖြစ်သည်။ ဆရာများက ဆရာအတတ်ပညာများကို ကောင်းကောင်း လေ့ကျင့် သင်ကြားဖူးသည်။ သို့သော် ကျောင်းသားများကို စဥ်းစားခိုင်းလျှင် မိဘများနှင့် အဆင်မပြေ။ မိဘများက သားသမီးများအား ရမှတ်ကောင်းကို လိုသည်။ ဆရာများက တပည့်သားများအား စဥ်းစားတွေးခေါ် တတ်စေလိုကြသည်။ ရမှတ်နိမ့်သောအခါ မိဘများမှာ ဆရာများအား စောဒက တက်ကြသည်။ အပြစ်ဖို့ လာကြသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဆရာများကလည်း မိဘအကြိုက်ဆောင်ကာ ကျောင်းသားများအား စဥ်းစားမခိုင်းဘဲ အရာရာ ဆရာဦးဆောင်မှုပြု စဥ်းစားမှုပြုပြီးပေးသော ပညာရေးကြီး ဖြစ်လာသည်။ ကြာလာလျှင် ကျောင်းသားများမှာ စဥ်းစားခြင်းလုပ်ငန်း ပျက်ကွက်လာပြီး အဆင်သင့် ရယ်ဒီမိတ် စဥ်းစားပြီးသား လုပ်နည်းများ တွက်ချက်ပုံများကို လုပ်တတ်လာကြရာ မိမိတို့ကိုယ်တိုင် အချိန်ယူ စဥ်းစားခြင်းမှ ရရှိလာသော အသီးအပွင့်များ မဟုတ်ဘဲ ဆရာစဥ်းစာခြင်းမှ ရရှိလာသော အသီးအပွင့်များဖြင့် ဂုဏ်ထူးရှင်များ ဖြစ်လာကြသည်။ အသိအယောင်အဆောင်ဖြင့် ဂုဏ်ထူးရှင်ဖြစ်လာကြသော ထိုကျောင်းသားများမှာ နိုင်ငံအတွက် အားထားရမည်နည်း။ လုပ်ငန်းခွင်တွင် ထင်ရာစိုင်းပြီး လုပ်တတ်လာသောကြောင့် နိုင်ငံအတွက် အကျိုးယုတ်လာပါလိမ့်မည်။ ထို့ကြောင့် ဆရာများအနေဖြင့် မိဘများ၏ အလိုကို မလိုက်ဘဲ ဆရာအတတ်ပညာဖြင့် လေ့ကျင့်၍ ရလာသည့်အတိုင်း ကျောင်းသားများအား စဥ်းစားခြင်းလုပ်ငန်းများ ပေးမှသာလျှင် နိုင်ငံအတွက် အကျိုး ဖြစ်ထွန်းပါလိမ့်မည်။
ခြုံငုံ၍ ပြောရပါလျှင် အစိုးရ အပြောင်းအလဲနှင့် ပညာရေး အပြောင်းအလဲဟု ဆိုသော်လည်း အမှန်တွင် ပညာရေး၌ အရေးပါသော အဖွဲ့နှစ်ဖွဲ့ဖြစ်သည် ပုခက်လွှဲသော လက်ပိုင်ရှင်များ ဖြစ်ကြသည့် မိဘများနှင့် မြေဖြူကိုင်သော လက်ပိုင်ရှင်များ ဖြစ်ကြသည့် ဆရာများက ဗမာကျွန်ပညာရေးစနစ်က ဇာတ်သွင်းခဲ့သော ပညာရေးစနစ် အမှားကြီးကို စွန့်လွှတ်ရန် လိုသည်။ မိမိတို့၏ စိတ်များကို အပြောင်းအလဲလုပ်ရန် လိုအပ်နေသည်။
အာရက္ခ ပညာရေး အပြောင်းအလဲကြီးတွင် မိဘများနှင့် ဆရာများက စွဲထင်ကျန်နေသော mind -set (ပုံသေအတွေး၊ ပုံသေအမြင်) တို့ကို အပြောင်းအလဲလုပ်မှသာလျှင် ကောင်းမွန်သော အာရက္ခပညာရေးတစ်ခု ဖြစ်လာနိုင်ပါလိမ့်မည်ဟု ဆန္ဒမွန်ဖြင့်။ ။

1 comment
When comparing follower and like services for Instagram, Famety focuses on followers, likes, and other social media services, and famety.net provides information about each available service.