အာရက္ခတိုင်းမ်စ် (၈ စက်တင်ဘာ ၂၀၂၆)
အာရက္ခတပ်တော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် တစ်လုံးဟာ ရန်ကုန်-စစ်တွေကားလမ်းပေါ်က စစ်တပ် သင်တန်းကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
“အထက ၆ အနီးကို တစ်လုံး၊ တိုင်းရုံးအထဲက ကွင်းကို နှစ်လုံး နဲ့ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်က စစ်တပ် သင်တန်းကျောင်းကို တစ်လုံး ကျတယ်။ အဲဒါတွေက AA ဖက်က ပစ်တာ” လို့ စစ်တွေမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ ရွေးတုအစိုးရတပ်က စစ်တွေမြို့ ပွိုင့်ကမ်းခြေနားက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် တချို့ဟာလည်း စစ်တွေမြို့ထဲက နေရာ ၅ ခုမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ နေရာတွေကတော့ စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ အ.ထ.က (၄) ကျောင်းမှာ တစ်ခု၊ ဝန်ကြီးအိမ်ရာဘက်ဖြစ်တဲ့ အနောက်စံပြ ရပ်ကွက်အတွင်းတွင် နှစ်ခု၊ လှခိုင်ဆရာတော် ဘုန်းကြီးကျောင်းနားတွင် တစ်ခု၊ ထွေအုပ်ရုံး အနောက်ဘက် ဝန်ထမ်းအိမ်ရာတွင် တစ်ခု စုစုပေါင်း ၅ ခု ကျရောက်ခဲ့တာဖြစ်ပြီး ကျရောက်တဲ့နေရာတွေဟာ ကွင်းပြင်တွေဖြစ်တယ်လို့ အာရက္ခတိုင်းမ်စ်က စုံစမ်းသိရှိရပါတယ်။
“စစ်တွှေမှာတော့ တချို့ သွားလို့ အဆင်ပြေတဲ့လူတွေ ထွက်ပြေးတိမ်းရှောင်နိုင်ရင် ရှောင်ကြဖို့ ပြောနေတယ်တဲ့။ ဆန်တွေကတော့ ၃ ဘီးတွေနဲ့ အပြေး သွားဝယ်ကုန်ကြပြီ” လို့လည်း သူမက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော် AA တို့ဟာ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး နှစ်ဖက်အကြား လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်မှုတွေဟာလည်း အပြန်အလှန် ရှိနေတာ ဖြစ်ပါတယ်။
