NewsPolitic

မင်းပြားမြို့၊ ဇေယျဝတီကျေးရွာရှိ စာသင်ကျောင်း ရေမြုပ်ခဲ့လို့ ပြန်လည် တည်ဆောက်ရန် အကူညီလိုအပ်နေ

အာရက္ခတိုင်းမ်စ် ( ၂၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဇေယျဝတီကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းဟာ ရေမြုပ်ခဲ့တာကြောင့် ပြန်လည် တည်ဆောက်ရန် အကူညီ လိုအပ်နေတယ်လို့ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်းက ဆိုပါတယ်။

ယခု ဇူလိုင်လအတွင်းမှာ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး အစရှိတဲ့ မြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာ‌ကြောင့် ရေကြီးမှု ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ဇေယျဝတီကျေးရွာမှာရှိတဲ့ မူလတန်းလွန်ကျောင်းဟာ ရေနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စာသင်ကျောင်းတစ်ကျောင်းတည်းသာ ရှိတာကြောင့် ကလေးငယ်တွေ ဆက်လက် ပညာသင်ကြားဖို့ အခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်းရဲ့ ဥက္ကဌ ကိုရဲရဲက ဆိုပါတယ်။

“ဒီမှာတော့ ကျောင်းက အကုန်လုံး ပျက်စီးသွားတယ်။ ကျောင်းပြန်တက်ဖို့က လုံးဝ အဆင်မပြေဘူး ဖြစ်နေတယ်။ အခုက ကျောင်းပြန်လည်ဖွင့်ချိန်ဖြစ်နေတော့ ကလေးတွေက ကျောင်းတက်ဖို့ တော်တော် အခက်အခဲ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆို အဲ့ဒီဘက်ကို လုံးဝ ကယ်ဆယ်ရေး မရောက်ဖူး ဖြစ်နေတယ်။ကျနော်တို့ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်းကတော့ ကျောင်းပြန်လည်တက်နိုင်အောင် အတတ်နိုင်ဆုံးတော့ အကူညီ ပေးထားပါတယ်။ ဒီမှာ ကျောင်းက ဘယ်လိုပြောမလဲ။ ခေါင်တွေတော့ အကုန် မြုပ်သွားတာပေါ့။ ဒါပေမယ့် ခေါင်တွေ မပျက်စီးဘူး။ ဘေးက အကာတွေ နည်းနည်းပျက်သွားတယ်။ ဒါပေမယ့် အဲ့ဒီကျောင်းမှာက အောက်ကအခြမ်း မရှိဘူးလေ။ အဲ့ဒါကြောင့် ကျောင်းပြန်တက်ဖို အဆင်မပြေဘူး။ အဲ့ဒီနေရာမှာ ကျောင်းကို ပြန်ပြုပြင်ပေးမယ်။ နောက် ရေကြီးမှုတွေဖြစ်ရင် ကျောင်းထဲမတင်အောင် ကျနော်တို့က ကျောင်းသားတွေ အဆင်ပြေအောင် ကွန်ကရစ်တွေ ဘာတွေ လုပ်ပေးဖို့အစီအစဉ် ရှိတယ်။ သူတို့ရွာမှာက ကျောင်းက အဲ့ဒီတစ်ဆောင်ပဲရှိတာ။ အဲ့ဒီတစ်ဆောင်က လုံးဝ ပျက်စီးသွားတော့ ကျောင်းတက်ဖို့ အဆင်မပြေဘူးလေ” လို့ ဥက္ကဌ ကိုရဲရဲက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ကျောင်း ပြန်လည်ပြုပြင်တည်ဆောက်ဖို့ အလှူရှင်တွေရဲ့ စုပေါင်းကူညီမှုနဲ့ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်းက မတည်ငွေအဖြစ် ကျပ် သိန်း ၅၀ ကူညီပေးထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း

Related posts

ဧရာဝတီတိုက်ပွဲ လေးမျက်နှာမြို့ထိ ရောက်လာ

Rakhita Times

ယာဉ်မတော်တဆမှု အများဆုံးဖြစ်တဲ့ မင်းပြားတွင် ယာဉ်အန္တရာယ်ကင်းစင်ရေး DLEPS လုပ်ဆောင်နေ

Rakhita Times

အနောက်အရပ်က နေဝန်းနီ (သို့) အာဇာနည်ရဟန်းတော်

Rakhita Times

Leave a Comment