NewsPolitic

AA ကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ကြောင်း ဒိုင်းနက် ၁၂ ဖွဲ့ ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၄ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာက ရွာသား ၁၀၀ ကျော်ကို စစ်မှုထမ်းကိစ္စ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်က ထိန်းသိမ်းခဲ့ပါတယ်။ ထို့နောက် ရွာသား ၉၂ ဦးကို ပြန်လည် လွှတ်ပေးလိုက်တဲ့အတွက် စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်တယ်လို့ ဒိုင်းနက် အရပ်ဘက်အဖွဲအစည်း ၁၂ ဖွဲ့က ဒီကနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းထားသူ ၉၂ ဦးခန့်ကို ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်၊ ဇွန်လ ၁ ရက်နဲ့ ဇွန်လ ၂ ရက် တို့တွင် ပြန်လည်လွှတ်ပေးလိုက်တာကို မှတ်တမ်းတင် အတည်ပြုပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“ဒီလို လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်ချက်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ကျနော်တို့က စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် အောင်မြင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ ပါဝင် ကူညီပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ဒီလို ဆုံးဖြတ်တာဟာ အာရက္ခဒေသအတွင်းရှိ မတူကွဲပြားတဲ့ လူမျိုးစုများ၊ ယဉ်ကျေးမှုများနဲ့ ဘာသာစကားဆိုင်ရာ လူမှုအသိုင်းအဝိုင်းများအကြား အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုနဲ့ အေးချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးတို့ကို ပိုမို ခိုင်မာစေတဲ့ အပြုသဘောဆောင် ချီးကျူးထိုက်တဲ့ လုပ်ရပ်တခုအဖြစ်လည်း ရှုမြင်ပါတယ်” လို့လည်း ဆိုပါတယ်။

ULA/AA ရဲ့ ထိန်းသိမ်းမှုအောက်မှာ ဆက်လက် ကျန်ရှိနေသူတွေအတွက် ကျနော်တို့ ဆက်လက် စိုးရိမ်ပူပန်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ ထောက်ထားညှာတာမှု၊ တရားမျှတမှုနဲ့ အပြန်အလှန်လေးစားမှု အခြေခံမူများအရ ကျန်ရှိနေတဲ့ ဖမ်းဆီးခံရသူအားလုံးကို အထူးသဖြင့် သက်ကြီးရွယ်အိုများ သို့မဟုတ် လုပ်အားပေးရန်အတွက် ကိုယ်ကာယ ကြံ့ခိုင်မှုမရှိသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် လေးစားစွာနဲ့ မေတ္တာရပ်ခံပါတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အထက်ပါ ထုတ်ပြန်ချက်ကို ဒိုင်းနက်အဖွဲ့တွေဖြစ်တဲ့ ဒိုင်းနက် (Chakma) Organization DO၊ ပြည်ပရောက် ဒိုင်းနက် (ခေါ်) သက္ကမာ လူငယ်များအသင်း၊ Chakma Indigenous Youth Association (CIYA)၊ Chakma Youth Association (CYA)၊ Chakma Youth Development Association (CYDA)၊ Kyauktaw Chakma Youth Association (KCYA)၊ Chakma Youth’s Network of Rakhine (CYNR)၊ ပြည်ပ Chakma လူငယ်များ အဖွဲ့၊ Daingnet (Chakma) National Development Society (DNDS)၊ Chakma စာပေနှင့် ယဉ်ကျေးမှုအသင်း၊ မျိုးချစ်စိတ်နှင့် မိမိတာဝန်အဖွဲ့နဲ့ Chakma (သက်) လူငယ်စည်းရုံးရေးအသင်း တို့က ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

Related posts

ကျောက်ဖြူကို စစ်ကောင်စီဒရုန်းနဲ့ဗုံးကြဲ အမျိုးသမီး ၃ ဦး သေဆုံး

Rakhita Times

စစ်တွေတွင် AA ကြောင့် စကမ တပ်သား ထိခိုက်သေဆုံးမှု များပြား၊ တိုင်းမှူးကိုယ်တိုင် ဆေးရုံသွား အားပေးစကားပြောနေရ

Rakhita Times

မုဒိန်းမှု ကျူးလွန်သူကို အမြန်ဆုံး တရားစီရင်ပေးရန် ဗိုလ်ချုပ်ကတော် တောင်းဆို

Rakhita Times

40 comments

Leave a Comment