အာရက္ခတိုင်းမ်စ် (၈ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည်က စစ်ရှောင်တွေအတွက် အိမ်အလုံး ၁၀၀ ဆောက်ပေးနိုင်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
“ အမိုးမရှိရေ ပြည်သူ ဝိုင်းရံကူ တဲအိမ် အလုံး တစ်ရာကမ်ပိန်း” ကို သုံးလ ကမ်ပိန်းအစီအစဉ်နဲ့ စစ်ရှောင်တွေအတွက် တဲအိမ်များ ဆောက်လုပ် ကူညီနေတယ်လို့ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်းက ဆိုပါတယ်။
အဆိုပါ ကမ်ပိန်းကို ကျပ်သိန်းလေးရာ သတ်မှတ်ထားကာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက်ကနေ ဇူလိုင်လ ၅ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ၊ ထိုင်း နဲ့ မလေးရှားနိုင်ငံတို့မှ အလှူရှင်တွေက ဝိုင်းဝန်း လှူဒါန်းခဲ့ကြတယ်လို့ အသင်း ဥက္ကဌဖြစ်သူ ကိုရဲရဲက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ အမ်းမြို့နယ်တွေမှာ မိုးရာသီဆိုတော့ စစ်ရှောင်တွေ အခက်ခဲ များတယ်လေ။ အဲ့ဒါကြောင့် အိမ်ဆောက်ပေးတဲ့ ကမ်ပိန်းအစီအစဉ် လုပ်လိုက်တာပါ။ သုံးလစီမံကိန်းမှာ ၃ နိုင်ငံ စုစုပေါင်း မြန်မာငွေ ၁၃၅ သိန်းကျပ် ရရှိထားပါတယ်။ ဒီ ၁၃၅ သိန်းကျပ်ဟာ အလှူရှင်တွေဆီက ကောက်ခံ ရရှိထားတာ ဖြစ်ပါတယ်။ တဲအိမ်တစ်လုံးကို ၄ သိန်း ၅ သောင်းကျပ် နဲ့ စီမံကိန်းဆွဲပြီး အလှူရှင်တွေ အိမ်တစ်လုံးချင်းစီ လှူဒါန်းနိုင်အောင် ကမ်ပိန်းအစီအစဉ်ကို စတင် ဆောင်ရွက်ခဲ့ပါတယ်။ အခုက အာရက္ခဒေသမှာ တိုက်ပွဲတွေနဲ့ လမ်းပန်းဆက်သွယ်မှု အခက်အခဲကြောင့် အိမ်တစ်လုံးကို ၇ သိန်းခွဲကနေ ၈ သိန်းအထိ ဆောက်ပေးရပါတယ်။ ၃ လ စီမံကိန်းမှာ ပါဝင် လှူဒါန်းပေးတဲ့ အလှူရှင် တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ဥက္ကဌ ကိုရဲရဲက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပထမအကြိမ်အဖြစ် ပုဏ္ဏားကျွန်းမြို့နယ်မှာ အိမ် ၁၄ လုံး ဆောက်ပေးထားပြီး ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် မြောက်ဦးမြို့နယ်မှာ အိမ် ၁၁ လုံး ဆောက်လုပ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။
