NewsPolitic

မာန်အောင်နဲ့ ကျောက်ဖြူကြားက ပင်လယ်ပြင်မှာ လက်နက်ကြီး ပစ်ခတ်သံ ဆက်တိုက်ကြားနေရ

အာရက္ခတိုင်းမ်စ် (၅ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် မာန်အောင်နဲ့ ကျောက်ဖြူပင်လယ်ပြင်ကြားမှာ ရပ်ထားတဲ့ စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေက မနေ့က (၄ ဇွန်) ည ၉ နာရီဝန်းကျင်လောက်ကပင် လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက် လုပ်နေတာပါ။

ဒီလို ပစ်ခတ်သံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ငြိမ်သက်နေခဲ့တာဖြစ်ပြီးတော့ မနေ့က ညနေကမှ စပြီးတော့ အရင်ပစ်ခတ်သံတွေနဲ့ မတူတဲ့ အင်အားပြင်း လက်နက်ကြီးတွေ ပစ်ခတ်သံတွေ ကြားရတာ ဖြစ်တယ်လို့ မာန်အောင်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ဒီက မြေကြီးပါ တုန်ပါတယ် ဘယ်လိုလက်နက်တွေနဲ့ ပစ်တာလည်းတော့ မသိဘူး။ ငြိမ်နေတာတော့ ကြာပြီ အခုလို မပစ်တာ မနေ့ညကမှ ပစ်တာ ဒီမနက်လည်း ပစ်နေတုန်း” လို့ သူက ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကပင် ပြန်လည် စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်ထဲက မြို့နယ် ၁၄ ခုကို ထိန်းချုပ်ထားပြီးတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တရပ်အနေနဲ့ အကောင်အထည်ဖော်ကာ ပြန်လည်ထူထောင်ရေး အပါအဝင် အစိုးရတရပ်အနေနဲ့ ရပ်တည်နိုင်ဖို့ကို အကောင်အထည်ဖော် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ သူတို့ အုပ်ချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့ပေါ်၊ ကျောက်ဖြူမြို့ပေါ် နဲ့ မာန်အောင်မြို့တွေကို အာရက္ခတပ်တော်လက်ထဲ မကျရောက်သွားစေရေးအတွက် ကြည်း၊ ရေ၊ လေ အင်အား အလုံးအရင်း တိုးမြှင့်ကာ ဒီမြို့တွေထဲက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နေရာတွေကို ထိုး စစ်ဆင် တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အဲဒီလို ထိုးစစ်ဆင် တိုက်ခိုက်တာတွေကို စစ်ကော်မရှင်အနေနဲ့ လုပ်ဆောင်နေပေမယ့် အာရက္ခတပ်တော်ရဲ့ ခုခံစစ်ကြားမှာ စစ်ကော်မရှင်ရဲ့ တပ်သားတွေဟာ တိုက်ပွဲအတွင်း သေဆုံးတာတွေလည်း ဆက်တိုက် ရှိနေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ဆိုပါတယ်။

တဖက်မှာ စစ်ကော်မရှင်တပ်သားတွေဟာ တိုက်ပွဲအတွင်း အကျအရှုံးများစွာကို မြင်တွေ့နေရတာကြောင့် အာရက္ခတပ်တော်ဆီမှာ လက်နက်ချ အလင်းဝင်တာ၊ ထွက်ပြေးတာ စတာတွေလည်း ဆက်တိုက် ရှိနေတယ်လို့ သိရပါတယ်။

သတင်း – မိုက်တီး

Related posts

AA က ငွေကြေးအနွမ်းများ လက်ခံသုံးစွဲရမယ်လို့ ထုတ်ပြန်တာကို ပြည်သူများလက်ခံ

Rakhita Times

ဘင်္ဂလီ (သို့) ရိုဟင်ဂျာ တွေကို ဦးမောင်မောင်ကြည် ဘာပြောလဲ

Rakhita Times

မင်းပြားတွင် ဘောလုံးပွဲက ပြန်လာတဲ့ ဘုတ် နစ်မြုပ်လို့ ကလေးအပါအဝင် အမျိုးသား ၉ ဦး သေဆုံး

Rakhita Times

Leave a Comment